By 7 Day Daily, Shweproperty.com
Updated at 18 July 2017
မွန်ပြည်နယ် အစိုးရ အဖွဲ့မှ ပထမဆုံးဦးဆောင်တည်ဆောက်ပေးမည့် တန်ဖိုးနည်းအိမ်ရာ တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ အောက်ဈေးဖြင့် ရောင်းချမည်ဖြစ်ကြောင်း မွန်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးမှ သတင်းရရှိသည်။
ထိုအိမ်ရာစီမံကိန်းကို မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာကွင်းအမှတ် (၄၂၀)မြေဧရိယာ ၂၁ ဒသမ ၂၆ ဧကပေါ်၌ ပြည်နယ်ရန်ပုံငွေဖြင့် ယခုဘ ဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာတွင် ၁၆ ခန်းပါ လေးထပ်တိုက် ၁၆ လုံး တည်ဆောက်မည်ဖြစ်ပြီး အခန်း ၂၅၆ ခန်း ပါဝင်မည် ဖြစ်သည်။
‘‘တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ဈေးနှုန်းကတော့ အကြမ်းဖျင်းကတော့ ရှိတယ်။ ကျိန်းသေကတော့ သိန်း ၂၀၀ မကျော်ဘူးပေါ့။ ကျွန်တော်တို့ မှန်းထားတာကတော့ ကျပ်သိန်း ၁၀၀ နဲ့ ၁၅၀ကျော်လောက်မှန်းထားတယ်။ ဒါပေမဲ့ တင်ဒါပေးတဲ့ အခါကျရင် ဘယ်လောက်ဆောက်နိုင်၊ မဆောက်နိုင်ရှိသေးတော့ အတိအကျမပြောနိုင်သေးဘူး။ သိန်း၂၀၀ အောက်လောက်ပဲ ရှိမယ်။ အဓိကက ပြည်သူတွေအတွက်ပဲ’’ဟု စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။
တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီးပါက ပြည်သူများကို ရောင်းချမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလည်း မရောင်းချမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ဆိုသည်။‘‘အိမ်ရာဆောက်ဖို့ အမြန်ဆုံး တင်ဒါခေါ်ယူမယ်။ တင်ဒါ ခေါ်ယူဖို့အတွက် ကော်မတီတွေ အရင်ဖွဲ့နိုင်အောင် စီစဉ်နေတယ်’’ ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
ယခု တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မည့် စီမံကိန်းသည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးတည်ဆောက်မည့် စီမံကိန်း ဖြစ်ပြီး မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာအုပ်စု ကွင်းအမှတ် (၅၉၇၊ ၁၂၀၉) တွင် ထိုအိမ်ရာ တည်ဆောက်ရန်လျာထားသော်လည်း ဈေးကွက်တွင်ပြန်လည်ရောင်းချရန် အခက်အခဲရှိသဖြင့် ကြာအင်းကျေးရွာတွင် ပြောင်းလဲတည်ဆောက်ခြင်း ဖြစ်သည်။
မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအဆင့်မီ တန်ဖိုးနည်းသည့် အိမ်ရာစီမံ ကိန်းများ တည်ဆောက်၍ ပြန်လည်ရောင်းချပေးနိုင်ရန် ၂၀၁၇-၁၈ ဒေ သန္တရစီမံကိန်းတွင် ထည့်သွင်းရေးခဲ့ပြီး ၂၀၁၇ မတ်လ ၂၄ ရက် ဥပဒေ အမှတ် (၂)ဖြင့် မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။
ယခင်အစိုးရလက်ထက်က မော်လမြိုင်မြို့၌ သီရိမင်္ဂလာတန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပေးခဲ့ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိ ရောင်းချပေးခဲ့သည်။
Ref : 7 Day Daily
Photo Credit : Mon News
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties