By Myanmar Times, Shweproperty.com
Updated at 4 March 2016
လူနေထူထပ်သော ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် နှစ် ၃ဝ အရစ်ကျ ငွေပေးချေနိုင်မည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
''သိန်း ၁,ဝဝဝ လောက်နဲ့ မြောက်ဒဂုံလိုနေရာမျိုးမှာတောင် ဝယ်ဖို့မဖြစ်နိုင်တဲ့ ယနေ့အချိန်မှာ လူတွေကို အမှန်တကယ် အိမ်ရာပိုင်ဆိုင်စေ ချင်တယ်ဆိုရင် နှစ် ၃ဝ အရစ်ကျပေးနိုင်တဲ့ အိမ်ရာ စီမံကိန်းတွေ များများဖော်ထုတ်ပေးဖို့လိုတယ်။ လက်ရှိအစိုးရလုပ်နေတဲ့ ကောင်းမွန်တဲ့ အိမ်ခြံမြေ မူဝါဒဆိုရင် နောက်အစိုးရက ဆက်ပြီး လုပ်ပေးရမယ်''ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ကျဆင်းလျက်ရှိနေသော်လည်း အိမ်ခြံမြေ ဈေးများ အမြင့် ဈေးတွင် ရပ်တန့်နေဆဲ ဖြစ်သည်။ အိမ်ခြံမြေ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီများက ဆောက်လုပ်ပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ ဝယ်ယူသူများ အတွက် အများဆုံး သုံးနှစ်အရစ်ကျစနစ်ဖြင့်သာ ပေးချေနိုင်သေးသည့်အပြင် နိုင်ငံတော်၏ အိမ်ရာစီမံချက်များဖြင့် ဆောက်လုပ်ရောင်း ချနေသည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်၏ ချေးငွေများဖြင့် တိုက်ခန်းတန်ဖိုး၏ ပထမအရစ် ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးသွင်းစေကာ ရှစ်နှစ် အရစ်ကျစနစ်ဖြင့်သာ ပေးသွင်းနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
အရစ်ကျစနစ်ဖြင့် တိုက်ခန်းများကို ရောင်းချပေးနေသည်ဟု ဆိုသော်လည်း ကနဦးပေးသွင်းငွေများပြား ခြင်း၊ နိုင်ငံတကာ ကဲ့သို့နှစ် ၃ဝ စနစ်ဖြင့် နှစ်ရှည်ပေးသွင်းနိုင်ခြင်း မရှိသည့် အတွက် နိုင်ငံတော်၏ စီမံချက်များဖြင့် ရောင်းချနေသည့် တန်ဖိုးနည်း တိုက်ခန်းများကိုပင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူ အချို့ လာရောက်ဆက်သွယ်ခြင်း မရှိသည့် ဖြစ်စဉ်ဖြစ်ရပ်များ ပေါ်ပေါက်လာသဖြင့် အများပြည်သူ အိမ်ရာပိုင်ဆိုင်ခွင့်အတွက် ရေရှည်ချေးငွေ ထုတ်ချေးပေးနိုင်သည့် စနစ်များကို ဖော်ဆောင်ရန် လိုအပ် လျက်ရှိသည်။
''ဘားအံက တန်ဖိုးနည်းအိမ်ရာလို၊မန္တလေးမှာလည်းလုပ်ဖို့ စဉ်းစားနေကြသလို၊ ရန်ကုန်မှာလည်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အားပေးရမယ်။ လူတွေအိမ်ပိုင်ဖို့အတွက် အစိုးရဘက်ကဖြည့်ဆည်း ပေးရမှာက မြေပေးလိုက်ရုံနဲ့ သူတာဝန်ကျေတယ်လို့ ပြောလို့မပြီးသေးဘူး၊ House loan တွေပါ ဖန်တီးပေးရမယ်။
နေမယ့်သူတွေအပြင် ရေရှည်နှစ် ၃ဝ နဲ့ ဆောက်ပေးနိုင်မယ့် ကုမ္ပဏီတွေအတွက်ပါ ချေးငွေတွေကို ဖန်တီးပေးနိုင်ရမယ်။ ဆောက်လုပ်ရေး ဘဏ်ကိုလည်း အဲဒီလိုဖြစ်လာအောင်အင်အားကောင်းအောင် ဖြည့်ဆည်းပေးဖို့လိုတယ်''ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းက ကောက်ယူထားသည့် စစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ နှစ်စဉ်လာရောက်နေထိုင်သူပေါင်း ၃၈ဝ,ဝဝဝ ကျော်ရှိပြီး တိုက်ခန်းအိမ်ရာယူနစ် တစ်သိန်းဝန်းကျင်ခန့်အထိ လိုအပ်လျက်ရှိသော်လည်း အစိုးရနှင့် ပြင်ပဆောက်လုပ်ရေး ကုမ္ပဏီများက ဖြည့်ဆည်းတည်ဆောက်နိုင်မှုမှာ အခန်းယူနစ် နှစ်သောင်းကျော်သာ ရှိသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ကာ ငှားရမ်းခဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်သည်။
''ကျွန်တော်တို့ အခုလုပ်နေတဲ့ ဘားအံတန်ဖိုးနည်းအိမ်ရာ စီမံကိန်းအပြင် နိုင်ငံအနှံ့အပြားမှာလည်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေကို လုပ်ဖို့ရှိပါတယ်။ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်က အရေးကြီးပါတယ်။ ပထမကျွန်တော်တို့ စပြောတုန်းက လူတွေက တစ်လသုံးသောင်းသွင်း နှစ် ၃ဝ အရစ်ကျကို သိပ် မယုံကြည်ကြဘူးဖြစ်နေတယ်။ နှစ် ၃ဝအရစ်ကျသွင်းနိုင်မှပဲ လူတွေ အိမ်ရာပိုင်ဆိုင်နိုင်တော့မှာ ဖြစ်တယ်''ဟု The Infrastructure of Myanmar အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
Ref : Myanmar Times
Photo Credit : TTT
Posted By :Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties