By Myanmar Times, Shweproperty.com
Updated at 18 August 2015
ငွေမည်းခဝါချခြင်းများအတွက် မြေယာများကို နိုင်ငံခြားသားများနှင့် ဝယ်ရောင်းများ ဈေးကစားရန် ရောင်းဝယ်ခြင်းများတွင် အိမ်ခြံမြေအကျိုးဆောင်များ ပါဝင်မှု မရှိစေရန် သတိပေးမှုနှင့် ပညာပေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦး က ပြောသည်။
"အိမ်ခြံမြေ အကျိုးဆောင်တွေကို ငွေကြေးခဝါချမှုနဲ့ ပတ်သက်တဲ့ အရောင်းအဝယ်တွေ၊ အဂတိလိုက်စားမှုနဲ့ ဆိုင်တဲ့ အရောင်းအဝယ်တွေနဲ့ တတ်နိုင်သမျှ ရှင်းရှင်း လင်းလင်း လက်ရှောင်နေဖို့ သတိပေးနေပါ တယ်။ ဒါတွေက မြေဈေးကွက်လှုပ်ရတဲ့အကြောင်းရင်းတွေ ထဲက တစ်ခုဖြစ်လို့ပါ" ဟု ၎င်းကပြောသည်။
ငွေမည်းက ငွေဖြူပြုလုပ်ခြင်းများ များပြား လာသည့်အတွက် ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုကို ၂၀၁၄ ခုနှစ် ဩဂုတ် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကျပ် သန်း ၁၀၀ ထက်ပိုသော အရောင်းအဝယ်များရှိပါက အိမ်ခြံမြေ အကျိုးဆောင်များက ထိုငွေကြေးဆိုင်ရာ အဖွဲ့ကို တင်ပြရမည်ဖြစ်သည်။ ယခုအချိန်ထိ မြေဝယ်ခြင်း၊ ကားဝယ်ခြင်း တို့ဖြင့် ငွေမည်းက ငွေဖြူပြုလုပ်ခြင်းကို မည်သည့်ငွေကြေးဖြင့် ဝယ်ယူသည်ဖြစ်စေ ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ပါက တရား ဥပဒေအရ တရားဝင်ဖြစ်နေသေးသည်။
အိမ်ခြံမြေဈေးကွက်အတွင်း တရားမဝင် စီးဝင်လည်ပတ်လျက်ရှိသော ငွေမည်းအမြောက်အမြား ပါဝင်နေသည့် သတင်းများ ကြောင့် နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက် ဖျက်ရေးအဖွဲ့၏ အစည်းအဝေးများသို့လည်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း က ပါဝင်တက်ရောက် ဆွေးနွေးလျက်ရှိကြောင်း ဦးသန်းဦးက မြန်မာတိုင်း(မ်) ကို ပြောသည်။
ထို့ပြင် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်စေရန် ဈေးကစားသည့်အခြေအနေများတွင် အိမ်ခြံမြေအကျိုးဆောင်များ ဖြင့်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဝင်များ ပါဝင်ပတ်သက် ခြင်းမရှိစေရန် အသင်းဝင်အိမ်ခြံမြေအကျိုး ဆောင်များကို မကြာခဏ သတိပေးမှုများ အပြင် အသိပညာပေးမှုများကိုပါ ပြုလုပ်ပေးနေကြောင်း ၎င်းကပြောသည်။
မြေဈေးကစားသည့် ဖြစ်ရပ်များတွင် နိုင်ငံခြားသားများက ငွေထုတ်ပေးကာ မြန်မာ လူမျိုးအမည်ခံများဖြင့်ဝယ်ယူကြပြီး အချို့ သောနေရာများတွင် နိုင်ငံခြားသားများကိုယ်တိုင် လိုက်လံဝယ်ယူဈေးကစားနေကြောင်း သတင်းမီဒီယာများက ဖော်ပြနေကြသော်လည်း အရေးယူမှု အားနည်းနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "အခွန်လျှော့တော့မယ်ဆိုပြီး သတင်းတွေအမျိုးမျိုးထွက်နေလို့ အခွန်ရုံးမှာကိုယ်တိုင် သွားမေးကြည့်တော့ မဟုတ်ပါဘူးဆိုပြီး ပြောတယ်။ သတင်းမှားတွေ ဖြစ်မှာစိုးလို့ပါ" ဟု ဦးသန်းဦးက ပြောသည်။
ယခုကဲ့သို့ အခွန်နှုန်းထား အပြောင်းအလဲ ကြားအချိန်များတွင် အခွန်ဈေးကစားမှုများ ရှိနေသေးကြောင်းနှင့် ပွင့်လင်းမြင်သာမှု ရှိရန် လိုအပ်ကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် အခွန် အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထပ်မံပြဋ္ဌာန်းကာ အခွန်အကောက်များကို ထပ်မံလျှော့ချမည့် အခွန်အကောက်ဥပဒေသစ်ကို ဇူလိုင်လကုန်တွင် ပြန်လည်ထုတ် ပြန်မည်ဆိုသည့်သတင်းမှာလည်း ကောလာဟလ သတင်းမှားတစ်ခုသာ ဖြစ်ကြောင်း ဦးသန်းဦးက ပြောသည်။
"သတင်းတွေ အမျိုးမျိုးကြားနေရပေမယ့်လည်း ဈေးကွက်ကအေးပြီး အဝယ်မရှိပြန်ဘူး။ ဝယ်မယ်ဆိုရင်လည်း ဈေးကတော်တော် လေးနှိမ်ပြီးမှဝယ်ချင်ကြတော့ တေ့တေ့ဆိုင်ဆိုင် အရောင်းအဝယ်ဖြစ်တာ မကြား သလောက်ပါဘဲ " ဟု ဒဂုံမြို့သစ်မြောက်ပိုင်းက အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း ဖွင့်လှစ်ထားသည့် ဒေါ်နီလာကျော် က ပြောသည်။ ထို့ပြင် ဇွန်လဆန်းမှစတင်ခါ မြင့်တက် လာသည့် အမေရိကန်ဒေါ်လာဈေး၊ ရွှေဈေး များနှင့်အတူ ကျပ်ဘီလျံပေါင်း ၈,၁၇၇ ဒသမ ၅၁ ကျပ် အကုန်အကျခံ အကောင်အထည်ဖော်မည့် မြို့သစ်စီမံကိန်းသတင်းများ ထွက်ပေါ်လာခြင်းများကြောင့် မြေဈေးကစားသူ များက ဈေးကွက်ပြန်လည်နိုးထလာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့သော်လည်း မြေကွက်များကို အဝယ်မရှိဘဲ အရောင်းအဝယ် ဆက်လက်အေးစက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "စီမံကိန်းတွေ ရှိနေတာတောင်မြေ အရောင်းအဝယ်အေးနေလို့ ဝယ်ရောင်းသမားတွေက အိမ်ခြံမြေဈေးတွေတက်လာ အောင် အတင်းလှုပ်ကြည့်နေပေမယ့် ဝယ် မယ့်သူ မရှိသေးပါဘူး။ တခြားအကြောင်း တွေလည်း အများကြီးရှိသေးတယ်" ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ ဥကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီး အပြီးတွင် ဖြစ်ပေါ်ပြောင်းလဲလာနိုင် သည့် နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သည့် ဈေးကွက်ဆိုင်ရာ အပြောင်းအလဲသစ် များကို မျှော်လင့်ကာ ရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက ယခု အချိန်တွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြဘဲ ဈေးကွက်စောင့်ကြည့်နေဆဲ အခြေအနေ ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကွက် အတွင်း အရောင်းအဝယ်အေးစက်နေသည့်အပြင် ဖော်ပြရန်ခက်ခဲသည့် အကြောင်းရင်းပေါင်း မြောက်မြားစွာလည်း နောက်ကွယ်တွင် ရှိနေဆဲဖြစ်ခြင်းကြောင်း ၎င်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties