By Khun Sai Seng, Shweproperty.com
Updated at 1 April 2020
မြန်မာနိုင်ငံအတွက် လာမယ့်သီတင်းပတ်က အရေးအကြီးဆုံး အချိန်ကာလ ဖြစ်ပါတယ်။ Covid-19 ရောဂါပိုးရှိသူအချို့ မြန်မာနိုင်ငံထဲမှာ ရောက်ရှိနေတာကို စစ်ဆေးတွေ့ရှိကြပြီး ဖြစ်ပါတယ်။
ကမ္ဘာနဲ့အဝှမ်း Covid-19 ရောဂါကို ရင်ဆိုင်နေကြရတာ၊ ရောဂါကလည်း နိုင်ငံအချို့မှာ တန့်သွား ဆုတ်သွားပေမယ့် နိုင်ငံအများအပြားမှာတော့ အင်အားကောင်းကောင်းနဲ့ကူးစက်ပြန့်ပွားနေဆဲဖြစ်ပါတယ်။ လူ အသေအပျောက်တွေလည်း များပြားစွာ ရှိနေဆဲဖြစ်ပါတယ်။
နိုင်ငံအချို့က စနစ်တကျ ကိုင်တွယ်လုပ်ဆောင်တာကြောင့် Covid-19 ရောဂါကို တန့်သွား ဆုတ်သွားအောင် ဆောင်ရွက်နိုင်တာတွေ့ကြရတယ်။ ဒါက အားရှိစရာဖြစ်တယ်။ Covid-19 ဟာ ကာကွယ် ကုသစရာ ဆေးမရှိသေးပေမယ့် လူသားတွေ ရင်မဆိုင်နိုင်တဲ့ ကပ်ရောဂါတစ်ခုတော့ မဟုတ်ဘူး။ စနစ်တကျ ရင်ဆိုင်ကြမယ်ဆိုရင် လူသားက ချုပ်ကိုင် အနိုင်ရမယ့် ရောဂါသာဖြစ်ပါတယ်။
Covid-19 ရောဂါပိုးနဲ့ပတ်သက်ပြီး လူသားတွေမှာ တိတိကျကျရေရေရာရာ အဖြေလည်းရှာမရသေးပါဘူး။ ရောဂါပိုးက ဘယ်လိုနေရာမှာ ဘယ်လောက်ကြာကြာရှင်သန်နေနိုင်သလဲဆိုတာလည်း ခန့်မှန်းပြောကြားချက်သာရှိ ပါတယ်။ ပြောကြားချက်တွေကလည်း တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ အရာဝတ္ထုတစ်ခုပေါ်မှာ (၂၄)နာရီ ရှင်သန်ကောင်းရှင်သန်မယ်၊ ဒါမှမဟုတ် (၄၈) နာရီ၊ ဒါမှမဟုတ် (၇၂)နာရီ၊ အချိန်ဘယ်ရွေ့ဘယ်မျှ ရှင်သန်နိုင်တယ်ဆိုတာထက် ကိုယ်နဲ့ ထိတွေ့နေတဲ့ နေရာတိုင်းမှာ Covid-19 ရောဂါပိုးရှိနေနိုင်တယ် သဘောထားပြီး ကိုယ့်ကိုယ်ကို အပြည့်အ၀ ကာကွယ်ဖို့ လိုပါတယ်။ ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့သူ၊ ရောဂါ ကူးစက်ခံရဖို့ အလားအလာရှိသူတွေကို ( တကယ်လို့များ ရောဂါပိုး ဝင်ရောက်ခံထားရရင်) အခြားသူတွေကို ဆက်လက်မပြန့်ပွားအောင်၊ ရောဂါကို စောစောသိ စောစောတုံ့ပြန်ကုသပေးနိုင်အောင် Quarantine (၁၄)ရက် နေထိုင် စေပြီး စောင့်ကြည့်ပေးတာကိုလည်း နားလည်လက်ခံဖို့ အရေးကြီးပါတယ်။ ဒါကို နားမလည် လက်မခံနိုင်လို့ အခြားသူတွေနဲ့ ရောရောနှောနှော ဆက်လက်နေထိုင်မယ်ဆိုရင် ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကိုယ်ချစ်ခင်သူတွေကို ကိုယ့်ဆီက ရောဂါကူးစက်ပျံ့နှံ့သွားနိုင်ခြေရှိပါတယ်။
အထူးသတိပြု ဆင်ခြင်ဖို့ လိုတာက Covid-19 ရောဂါပိုးက ကူးစက်ပျံ့နှံ့မှု သိပ်မြန်တဲ့အချက်ပါ။ နောက်တစ်ချက်ကတော့ ကိုယ့်ကျန်းမာရေး ကိုယ်ခံအား အနေအထားပေါ်မူတည်ပြီး ရောဂါပိုး တိုက်ခိုက်တဲ့ ဒဏ်ကို ကိုယ်က ခံနိုင် မခံနိုင် ဆိုတဲ့အချက်ပါ။ ကိုယ့် ကိုယ်ခံအား ဘယ်လောက်ကောင်းသလဲဆိုတာ ဘယ်သူမှ မှန်အောင် မမှန်းဆနိုင်ပါဘူး။ ရောဂါပိုးက ကိုယ့်ထက် အားကောင်းရင် ကိုယ်က ပြိုလဲမှာပါပဲ။ ဒါကြောင့် သတိထားဖို့ရယ်၊ လူ့အသိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်နေထိုင်ဖို့ရယ်က Covid-19 ကို ရင်ဆိုင်ရာမှာ အဓိကဖြစ်နေတာပါ။
Covid-19 ရောဂါပိုးက မြန်မာနိုင်ငံကို ပြည်ပက ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ နိုင်ငံရပ်ခြားက ပြန်လာခဲ့သူတွေ ၊ နိုင်ငံခြားက လာရောက်သူတွေနဲ့ ထိတွေ့ဆက်ဆံသူတွေ ကူးစက်ပျံ့နှံ့ပါတယ်။ ပြည်တွင်းကို ရောဂါ ပိုးရောက်လာပြီဖြစ်တာကြောင့် နေရာဒေသတိုင်းမှာ အကြောင်းအမျိုးမျိုး နဲ့ထိတွေ့ဆက်ဆံမိသူတိုင်းထံကတစ်ဆင့် ရောဂါပိုး ဆက်လက်ကူးစက်ပျံ့နှံ့ဖို့ အလားအလာရှိပါတယ်။ တစ်ယောက်က (၁၀၀) ကူးစက်သွားနိုင်ပါတယ်။ ဒါကို ကာကွယ်ရမှာပါ။
ယခု ဧပြီလဆန်း ပထမသီတင်းပတ်က မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ပြီးခဲ့မတ်လအတွင်းက မြန်မာနိုင်ငံအတွင်းကို Covid-19ရောဂါပိုး ရောက်ရှိပေမယ့် တောမီးလောင်ကျွမ်းသလို တစ်ဟုန်ထိုး ကူးစက်မှု မဖြစ်ခဲ့ပါဘူး။ ကူးစက်ခံရသူ (၁၅)ဦးသာ ရှိခဲ့ပါတယ်။ ယခုလာမယ့် သီတင်းပတ်မှာ ‘ ပေါက်ကွဲ’ သလို ကူးစက်ပျံ့နှံ့ခြင်း မဖြစ်ဘူးဆိုရင် မြန်မာနိုင်ငံက Covid-19ကို ထိန်းချုပ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။
တစ်ဦးချင်း တာဝန်သိစိတ်အပြည့်နဲ့ Covid-19 ကမ္ဘာ့ ကပ်ရောဂါဆိုးကို ရင်ဆိုင်ပြီး လာမယ့်သီတင်းပတ်ကို မင်္ဂလာရှိစွာ ကျော်ဖြတ်ကြပါစို့။
Ref By : The New Traveller
Posted By : Khun Sai Seng (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties