By ကျော်ဆုမွန်, Shweproperty.com
Updated at 20 April 2013
ယခင် အာရှဓနဘဏ်ပိုင်ရှင်လည်းဖြစ်ခဲ့ပြီး လက်ရှိ ရွှေတောင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသည့် စီးပွားရေးလုပ်ငန်းရှင် ဦးအိုက်ထွန်းကို မြန်မာနိုင်ငံ၏ လတ်တလော ဖွံ့ဖြိုးစပြုလာသည့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြန်မာတိုင်း(မ်) ဒု-သတင်းစာတည်း ကျော်ဆုမွန်က ဧပြီလ ၂ ရက်နေ့ တွင် မေးမြန်းခဲ့သည်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းက တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးစပြုလာ ပေမယ့် လိုအပ်ချက် တော်တော်များများ ရှိနေသေးတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ပြောဆိုကြပါတယ်။ ဥပမာ ကွန်ဒိုမီနီ ယမ်ဥပဒေ မထွက်နိုင်သေးတာက အစပေါ့။ အန်ကယ့်အနေနဲ့ကော ဘယ်လို လိုအပ်ချက်တွေက အဓိကဖြစ်နေမယ်လို့ ထင်ပါသလဲ။
ကျွန်တော်တို့က ၁၉၈၉ ခုနှစ်ကတည်း က ဆောက်လုပ်ရေးမှာစပြီး လုပ်ခဲ့တယ်။ စလုပ်တုန်းကနည်းပညာ၊ ငွေကြေးကအစ မပြည့်စုံဘူး။ ဈေးကွက်ကလည်း မကောင်းဘူး။ အိမ်တစ်လုံး ရောင်းရဖို့ဆိုတာ တော်တော်မလွယ်ခဲ့ဘူး။ အထူးသဖြင့် ၁၉၉၀ ကနေ ၂၀၀၇ လောက်အထိ က ပြောင်းလဲလာပေမယ့် ဈေးကွက်က ထင်သလောက်မရှိခဲ့ဘူး။ ဆောက်လုပ်ရေးကုမ္ပဏီတွေ အများကြီးရှိတဲ့အထဲက တက်လာလိုက်၊ ပြန်ပြုတ်သွားလိုက်။ တောက်လျှောက် လုပ်ခဲ့တော့ အတွေ့အကြုံတော့ ရခဲ့တယ်။ ၂၀၁၀ မှာတော့ တော်တော်သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။ ၂၀၁၀ ရှေ့ပိုင်းမှာ လူတွေက ကွန်ဒိုဆိုရင် မနေချင်ဘူး။ မီးကလည်း မနိုင်တဲ့အပြင် စနစ်ကလည်းမကျဘူး။ စီးပွားရေးကလည်း ဒီလောက် မတိုးတက်တော့ မဝယ်နိုင်ကြဘူး။ ကွန်ဒို တွေဆောက်တာကအချိန်ဆွဲဆောက် နေရတယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ လျှပ်စစ်ကလည်း ပိုကောင်းလာတယ်။လူတွေ လူနေမှုပိုင်းကော အဆင့်မြင့်မြင့် နေချင်တာတွေ များလာတယ်။ ပြည်ပသွားသူလည်းများလာတယ်။ ကွန်ဒိုကို လူတွေ စိတ်ဝင်စားလာတယ်။ နိုင်ငံ ဆောက်လုပ်ရေးက ၂၀၁၀ နောက်ပိုင်းပြောင်းလာတယ်။ ဝယ်လိုအားလည်း ရှိလာတဲ့အတွက် တိုးချဲ့ဆောက်လာကြတယ်။ ၂၀၁၀ နောက်ပိုင်းမှာ အရည်အသွေးပိုင်းကိုလည်း မြှင့်လာတယ်။ နိုင်ငံတကာ အဆင့်မီဖို့က နောက်လက် တစ်ကမ်းဆို ရောက်တော့မှာ။ ဈေးကွက် ကောင်းလာသလို စီးပွားရေးကလည်း ကောင်းလာတယ်။ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေကလည်း ဝင်လာတော့ ဝင်လာတဲ့သူတွေ များလာတယ်။ ကွန်ဒိုကို စိတ်ဝင်စားလာကြတယ်။ ကွန်ဒိုမီနီယမ် လောက တစ်ခေတ်ပြောင်းလာပြီလို့ ဆို နိုင်တယ်။
ကွန်ဒိုပိုင်းကို စိတ်ဝင်စားသူတွေ များလာတယ်။ ဈေးကွက်ကလည်း ကောင်းလာ ပေမယ့် ဥပဒေကထွက် မလာသေးတော့ ဒီနှစ်ထဲထွက်နိုင်မယ်လို့ ထင်လား။
ကွန်ဒိုဥပဒေကတော့လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကတည်းက ပြောနေခဲ့တာ။ အဲတုန်းက စီးပွားရေးအခြေအနေလည်း မရင့်ကျက်သေးတော့ သိပ်မပြောဖြစ်ကြဘူး။ အခုတော့ အစိုးရကလည်းအင်တိုက် အားတိုက်လုပ်နေပြီ။ သိပ်မကြာခင် အစိုးရလူကြီးတွေက ထွက်မယ်လို့ ပြောနေတော့ဒီနှစ်ထဲမှာတော့ ထွက်လာ လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီဥပဒေထွက်တာနဲ့ အပြောင်းအလဲကြီးကြီး ဘာဖြစ်လာနိုင်မယ်ထင်လဲ။
ဒီဥပဒေထွက်သွားပြီဆိုတာနဲ့ အခုရှိ တဲ့ ကွန်ဒိုတွေက စီမံခန့်ခွဲမှုပိုင်း ပိုလုပ်ရမယ်။ အဲဒီလို စီမံခန့်ခွဲတဲ့ကုမ္ပဏီတွေကလည်း သတ်သတ်ရှိတယ်။ လိုက်နာရမယ့် စည်းကမ်းတွေရှိလာမယ်။ အခုတော့ရှိတဲ့ပိုင်ရှင်တွေက ကိုယ့်ဟာကိုပဲ ကောင်းအောင်လုပ်နေတာ။ ဥပဒေ ထွက်လာတာနဲ့ ဘာလုပ်ရမယ်၊ မလုပ်ရဘူး ပါလာရင် သူ့အလိုလို နိုင်ငံတကာစံအတိုင်းကို ဖြစ်သွားမယ်။ စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေ ပေါ်လာလိမ့်မယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်က သူ့ဟာသူ ဆောက်ပြီးတာနဲ့ အဲဒီကုမ္ပဏီကိုအပ်လိုက်လိမ့်မယ်။
ရန်ကုန်မှာက အခုဆို လူဦးရေကလည်း တိုးတက်လာတယ်။ ဆောက်လုပ်ရေးလုပ်ငန်းရှင် တော်တော်များများကလည်း ပြောတာရှိတယ်။ နေထိုင်ဖို့ အခန်းလိုအပ်ချက် တွေရှိ နေတယ်လို့။ ဘာတွေလိုအပ်ချက် တွေ ရှိနေမယ်လို့ ထင်ပါသလဲ။
ရန်ကုန်မြို့မှာ အခန်းလိုအပ်ချက်ကတော့ နိုင်ငံတကာနဲ့ ယှဉ်မယ်ဆိုရင် ရန်ကုန်က မြေက တော်တော်ကျယ်သေးတယ်။ စင်ကာပူနိုင်ငံလောက်လည်း ရှိတယ်။ မြို့သစ်တွေရှိပေမယ့် စီးပွားရေးမကောင်းတော့ တိုးတက်မလာဘူး။ မြို့သစ်မှာနေတဲ့သူတွေကလည်း သူ့အလိုလို တိုးတက်အောင်လုပ်လာကြရင် ဖွံ့ဖြိုးလာမယ်။ ကွန်ဒိုဥပဒေလည်း ထွက်လာမယ်။ အစိုးရကလည်း တန်ဖိုးမျှတဲ့ဆောက်လုပ်ရေးတွေ လုပ်နေတယ်။ ကျွန်တော်တို့လည်း တန်ဖိုးမတူတဲ့ ကွန်ဒိုတွေ ဆောက်နေတယ်။ ဒီတော့ ရန်ကုန်မြို့ရဲ့ လူနေအခန်း အခက်အခဲကတော့ တခြားနိုင်ငံတွေလို အရမ်းအခက်အခဲဖြစ်မယ်လို့တော့မထင်ဘူး။
ဆောက်လုပ်ရေးလုပ်ငန်းထဲကို အခုဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်အပြီးဝင်လည်းလာကြပြီဆိုတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက စိုးရိမ်ပူပန်မှုတွေရှိတယ်။ အန်ကယ့် အနေနဲ့ကော စိုးရိမ်ပူပန်မှု ရှိပါသလား။
နိုင်ငံခြားသားတွေ လာမယ်ဆိုရင် ပြိုင်ဆိုင်မှုတွေကတော့ ဖြစ်လာမှာပဲ။ ဒါကိုတော့ ကြောက်နေစရာမလိုဘူး။ ပြိုင်မှ အရည်အသွေးတိုးတက်လာမှာ။ လက်ရှိဆောက်လုပ်ရေးလုပ်ငန်း အခြေအနေ က အစိုးရရဲ့ပေါ်လစီတွေပေါ်မှာလည်း မူတည်တယ်။ ချက်ချင်းကြီး ဖွံ့ဖြိုးလာမှာမဟုတ်သလို အဲလို ဖွံ့ဖြိုးလာတာလည်း မကောင်းဘူး။ တဖြည်းဖြည်းနဲ့ တိုးတက်လာတာက ပိုကောင်းတယ်။ အခုလက်ရှိအနေအထားက ဖြည်းဖြည်းချင်း တိုးတက်နေတဲ့ အနေအထားပါ။ ဒါဟာ အစိုးရကော၊ လုပ်ငန်းရှင်တွေ အတွက်ကော ကောင်းပါတယ်။ နောက် တစ်ခုက နိုင်ငံခြားသားတွေကို လက်ရှိမှာ မြေတွေ အိမ်ခြံမြေတွေ ဝယ်ယူခွင့်မပေး သေးဘူး။ စင်ကာပူမှာဆိုရင် ကွန်ဒိုတွေ ကို ဝယ်ခွင့်ပေးတယ်၊ မြေဝယ်ခွင့်မပေးဘူး။ ထိုင်းမှာဆိုရင်လည်း အချိုးကျ ဝယ်ယူလို့ရနိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုအချက်တွေကိုလေ့လာပြီး ဘယ်လို ဝယ်ယူခွင့်ပေးမလဲဆိုတာ လုပ်ဖို့လိုပါတယ်။ လုံး၀၀ယ်ခွင့်မပေးတာမျိုးတော့ မဖြစ်ပါဘူး။ ဒါမှလည်း အိမ်ခြံမြေ ဈေးကွက်လည်း ပိုကောင်းလာမှာဖြစ်ပါတယ်။
အခုဆို ရန်ကုန်မှာ လူဦးရေပိုများလာ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကလည်းတော်တော် ခက်ခဲလာတယ်။ ရန်ကုန်နဲ့ကိုက်မယ့် အကောင်းဆုံး လမ်းပန်းဆက်သွယ်ရေးစီမံကိန်းက ဘာဖြစ်နိုင်မယ်ထင်ပါသလဲ။
မြို့ပြမှာ လူဦးရေပိုများလာသလို သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်ကလည်း ပိုများလာတယ်။ အစိုးရကတော့ လက်ရှိမှာ အစီအစဉ်တွေချပြီး လုပ်နေတာတွေ့ရတယ်။ ကျွန်တော့်အမြင်ကတော့ မြေအောက်ရထားစီမံကိန်းက ကုန်ကျစရိတ်ပိုများပေမယ့် ပိုကောင်းမယ်ထင်တယ်။ ကမ္ဘာ့ဘဏ်တို့၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တွေကလည်း မြန်မာနိုင်ငံကို ကူညီချင်ကြပါတယ်။ ပေါင်းပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။ မိုးပျံရထားကတော့ သိပ်ပြီးတွင်ကျယ်တာ မတွေ့ရဘူး။ မြို့ပြစီမံကိန်းအရဆိုရင် မိုးပျံတံတားတွေလည်း လိုတာမှန်ပေမယ့် မြေအောက်ရထားကတော့သယ်ယူပို့ဆောင်ရေးအတွက် အကောင်းဆုံးပဲ။ ချဲ့လို့ရနိုင်တယ်။ ဂျပန် တို့၊ ကိုရီးယားတို့ကလည်းကူညီချင်တယ်ဆိုတော့ အစိုးရအနေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နိုင်မယ်ဆိုရင် ဖြစ်လာမှာပါ။
အန်ကယ်တို့လို ပြည်တွင်းလုပ်ငန်းရှင်တွေက ဒီလိုလုပ်ငန်းမျိုးတွေမှာ ပါဝင်ဖို့ အစီအစဉ်မရှိဘူးလား။
ကျွန်တော်တို့အနေနဲ့တော့ ဒီလိုလုပ်ငန်းမျိုးမှာ ပါဝင်ဖို့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ အရင်းအနှီးကအရမ်းကြီးပါတယ်။
ရန်ကုန်မှာ အထပ်မြင့်တွေများလာတော့ နောက်ဆက်တွဲတွေကော ဘာတွေဖြစ်လာနိုင်ပါသလဲ။
ရန်ကုန်မှာက တခြားနိုင်ငံတွေလို အထပ်မြင့်တွေ အများကြီးထွက်မလာသေးပါဘူး။ နောင် ၁၀ နှစ်လောက်အထိက ဆောက်လို့ ရနိုင်မယ်ထင်တယ်။
Ref : MMTIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties