By Myanmar Times, Shweproperty.com
Updated at 4 August 2015
ရန်ကုန်တိုင်းဒေသကြီး တင်ဒါစိစစ်ရေးက အတည်ပြုခဲ့သည့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပိုင် မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေနေရာတွင် တည်ဆောက်မည့် ရန်ကုန် မြို့၏ ဒုတိယ ဗဟိုစီးပွားရေးဇုန် ( Secondary Central Business District CBD)စီမံကိန်းသည် ယခုအခါတွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက် ရရှိပါက စတင်အကောင်အထည်ဖော်မည် ဖြစ်ပြီး ငါးနှစ်အတွင်းပြီးစီးရန် စီစဉ်ထား ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက် အအုံ) ဌာနမှူး ဦးသန်းဌေးက ပြောသည်။
"မင်းဓမ္မစီမံကိန်းက လက်ရှိမှာ MIC ကို တင်ထားပါတယ်။ မြေကြီးစမ်းတာတွေ စလုပ်နေပြီ၊ MIC ရဲ့ ခွင့်ပြုချက်ရတာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင် တော့မှာပါ။ စီမံကိန်းက ငါးနှစ်စီမံကိန်း ဆိုတော့ ငါးနှစ်အတွင်း အပြီးဆောင်ရွက် မှာပါ" ဟု ၎င်းကပြောသည်။ အဆိုပါစီမံကိန်းသည် ၂၀၁၃ ခုနှစ်ခန့်က ပင် နိုင်ငံပိုင်သတင်းစာများက တင်ဒါ ခေါ်ယူခဲ့ပြီး Myanmar V-Plile Group of Company / First Myanmar Construction ကုမ္ပဏီက ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ကိုစောင့်ဆိုင်း ကာ မြေစမ်းသပ်မှုများ စတင်ပြုလုပ်နေခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းသည် မြေဧရိယာ ၃၆ ဧက ကျော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ရန်ကုန် မြို့၏ ဒုတိယ စီးပွားရေးမြို့လယ်တစ်ခု Secondary CBD ကိုအကောင်အထည် ဖော် ဆောင်သွားမည့်စီမံကိန်း ဖြစ်သည်။ ယင်းစီမံကိန်းတွင် ၁၂ ထပ်အမြင့် ရှိသော ဟိုတယ် တစ်လုံး၊ ၁၂ ထပ်အမြင့် ရှိသော ကုန်သွယ်ရေးစင်တာ တစ်လုံး၊ ငါးထပ် အမြင့်ရှိ ဈေးဝယ် စင်တာ၊ ၁၂ ထပ်အမြင့်ရှိ ရုံးခန်း အဆောက်အအုံတာဝါနှင့် ငါးထပ် အမြင့်ရှိသော Convention Center တစ်လုံး တို့ ပါဝင်မည်ဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့၏ မြို့လယ်ကောင် ခြောက်မြို့နယ်သည် ဗဟိုစီးပွားရေးဇုန်အဖြစ် စီးပွားရေးလုပ်ငန်းများ အများဆုံး လုပ် ကိုင်သည့် အချက်အချာအကျဆုံး နေရာ အဖြစ် တစ်ခုတည်းသာရှိသည့်အတွက် ဒုတိယဗဟိုစီးပွားရေးဇုန် ပေါ်ပေါက်လာရန် အဆိုပါ စည်ပင်သာယာပိုင်မြေဧက ကျယ်ပေါ်တွင် အကောင်အထည်ဖော်ရန် စီမံကိန်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါစီမံကိန်းမှာ လွန်ခဲ့ သည့် နှစ်နှစ်ခန့်ကစ၍ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် မြေများထဲမှ တစ်ခုအပါအဝင် ဖြစ်ခဲ့ကာ တင်ဒါစိစစ်မှုမှာ တစ်နှစ်ခန့်ကြာမြင့် ခဲ့ပြီး တင်ဒါရွေးချယ်ပြီးနောက် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြု ချက်ကို ဆက်လက်စောင့်ဆိုင်းရခြင်းများ ကြောင့် တည်ဆောက်မှုပိုင်းမှာ လက်ရှိ အချိန်ထိ မစတင်နိုင်ခြင်းဖြစ်ကြောင်း ဌာန တာဝန်ရှိသူများက ပြောသည်။
"ဒီစီမံကိန်းရဲ့ တင်ဒါအောင်ထားတာ လည်း ကြာနေပါပြီ။ ၂၀၁၃ စက်တင်ဘာ ကတည်းက နိုင်ငံပိုင်သတင်းစာတွေထဲမှာ စည်ပင်ပိုင်မြေကို အကျိုးတူ ပူးပေါင်း လုပ်ကိုင်ဖို့ တင်ဒါခေါ်ခဲ့တာ။ အခုထိတော့ တည်ဆောက်ရေးပိုင်းတွေ မစရသေးဘူး။ ခွင့်ပြုချက်ရရင်တော့ စဆောက်တော့မှာပါ" ဟု ဦးသန်းဌေးက ပြောသည်။ ထို့ပြင် ယင်းဗဟိုစီးပွားရေးဇုန်စီမံကိန်း မြေနေရာသည် မြေငှားရမ်းကာ ပန်းပျိုးပင် များ ရောင်းချသည့် မင်းဓမ္မပန်းဥယျာဉ် နေရာဖြစ်သည့်အတွက် အဆိုပါနေရာရှိ ပန်းပျိုးပင်များ ရောင်းချသူများမှာ လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် အပြီးပြောင်းရွှေ့ မည်ဖြစ်ပြီး ယင်းပျိုးပင် ရောင်းချသည့် နေရာကို မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ဘက် သို့ ပြောင်းရွှေ့ရမည်ဟု ပန်းဥယျာဉ်တွင် အလုပ်လုပ်ကိုင်သူများက ဩဂုတ်လ ၂ ရက်က ပြောသည်။
ယင်းကဲ့သို့ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့၏ ဒုတိယဗဟိုစီးပွားရေးဇုန် အတွက် တင်ဒါများခေါ်ယူ သည့်အချိန်တွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး မင်းဓမ္မလမ်းမပေါ်နှင့် ဗဟိုစီးပွားရေးဇုန် အနီးရှိ မြေဈေးနှုန်းများလည်း မြင့်တက်လာကာ အရောင်းအဝယ်များလည်း ကောင်းမွန် ခဲ့ကြောင်း ဒေသခံလုပ်ငန်းရှင်များက ပြောသည်။ သို့သော် နှစ်နှစ်အတွင်း စီမံကိန်းမှာ မြေနေရာအတိုင်းသာရှိနေပြီး အခြားမြို့ပြ စီမံကိန်းများ ရန်ကုန်မြို့စွန်ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည့်အတွက် ဒုတိယ ဗဟို စီးပွားရေး ဇုန်နေရာရှိ မြေဈေးများမှာ ပြန်လည်ကျဆင်းခဲ့ပြီး အရောင်းအဝယ်များ လည်း မကောင်းတော့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "စီးပွားရေးဇုန် လုပ်မယ်ဆိုပြီး တင်ဒါတွေ စခေါ်တဲ့အချိန်တုန်းက အဲဒီနေရာတဝိုက်က အိမ်ခြံမြေဈေးတွေ အရမ်းတက်ကုန်တယ်။ ဝယ်ပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေလည်း အရမ်း များကြတယ်။ ဒါပေမဲ့ အခုတော့ ဈေးတွေကလည်း လုံးဝငြိမ်သွားပြီး အရောင်းအဝယ်တွေ ကလည်း သိပ်မဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မှာက စီမံကိန်းတွေက ဒီတစ်ခုတည်းမဟုတ်တော့ပဲ နောက်ထပ် အများကြီးတွေ ဖြစ်လာတယ်၊ ပြီးတော့ ဒီစီမံကိန်းကလည်း နှစ်နှစ်ကြာတဲ့အထိ ဘာမှ အကောင်အထည် မဖော်သေးတော့ အဲဒီဘက် ကို သိပ်စိတ်မဝင်စားကြတော့ဘူး" ဟု Phoenix အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ကိုထွန်းထွန်းက ပြောသည်။
မင်းဓမ္မလမ်းမအနီးရှိ မြေများသည် ယခင်စီမံကိန်းမစတင်ချိန်က စတုရန်းပေ ၁၁,၀၀၀ ခန့်အကျယ်အဝန်းရှိသော မြေ ဈေးနှုန်းများမှာ သိန်း ထောင်ဂဏန်းသာ ရှိသော်လည်း စီမံကိန်းစတင်မည်ဟု အစီအစဉ်များ ထွက်ပေါ်ပြီးသည့်နောက်ပိုင်း နှင့် ယခုအချိန်ထိ ဈေးနှုန်းများမှာ သိန်း သောင်းနဲ့ချီသည်အထိ ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းကပြောသည်။
ဒုတိယ ဗဟိုစီးပွားရေးဇုန်အနီး၊ မင်းဓမ္မ လမ်းမပေါ်ရှိ မြေဈေးများနှင့် အိမ်ရာများ အတွင်းရှိမြေဈေးနှုန်းများ၏ လက်ရှိခေါ်ဈေး မှာ စတုရန်းပေ ၁၁,၀၀၀ ခန့်အကျယ်ရှိ မြေတစ်ကွက်လျင် ကျပ်သိန်းသုံးသောင်းမှ ခြောက်သောင်းခွဲထိရှိကြောင်း ဒေသခံအိမ်ခြံ မြေ လုပ်ငန်းရှင်များက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties