By ကျော်ဆုမွန်, Shweproperty.com
Updated at 9 December 2012
မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး စီးပွားရေးမြို့တော် ရန်ကုန်သည် လူဦး ရေများပြားသကဲ့သို့ မြေတန်ဖိုးသည် လည်း ကမ္ဘော ဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့လောက်ဈေးမကြီးသေးဘဲ၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက ပိုမိုဖွံ့ဖြိုးလာမည့် အရိပ်အယောင်များ ရှိနေသည်ကို တွေ့ရသည်။
မဲခေါင်မြစ်ဝှမ်းဒေသစာရင်းဝင် ဖွံ့ဖြိုးမှုအားယူဆဲ နှစ်နိုင်ငံကို နှိုင်းယှဉ်ကြည့်ရာတွင် အချို့အရာများမှာ မတူကွဲပြားသောအချက်များ ရှိနေပြီး အချို့တွေ့ရှိချက်များမှာ မြန်မာနိုင်ငံက လိုက်လံပြုပြင်ပြောင်းလဲသင့်သော အချက်များကို တွေ့ရသည်။
နိုင်ငံတကာဇာတ်ခုံတွင် ပြန်လည်နေရာရလာသည့် မြန်မာနိုင်ငံသည်အာဆီယံနိုင်ငံများအတွင်း အများ၏ အာရုံစူးစိုက်ခြင်း ခံရသည့် အသစ်စက်စက် ဈေးကွက်ကောင်းတစ်ခုလို ဖြစ်နေရာ အိမ်ခြံမြေဈေးကွက်လည်း တစ်ခုအပါအဝင်ပင်ဖြစ်သည်။
သို့ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မလာမီတွင် မြန်မာနိုင်ငံကဘာတွေပြင်ဆင်ထားဖို့လိုသနည်း၊စိန်ခေါ်မှုများအတွက် ပြင်ဆင်ရမည့်အပိုင်းကတော့ သက်ဆိုင်ရာ အစိုးရ၏တာဝန်သာ ဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် အိမ်ခြံမြေဈေးကွက်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အဆင်သင့်ဖြစ်နေစေရန် ကွန်ဒိုမီနီယံ ဥပဒေကိုအမြန်ဆုံး ရေးဆွဲနိုင်ရေး၊ အစိုးရကမြေဈေးကွက် မဖောင်းပွစေရန် စနစ်တကျ ကိုင်တွယ်ထားနိုင်ခြင်းတို့မှာအခရာကျသည့် အချက်များဖြစ်သည်။
''နောက်နှစ်လောက်ကျရင်တော့ကွန်ဒိုမီနီယံဥပဒေ ထွက်လာနိုင်လောက်တယ်။ ဘာလို့လဲဆိုတော့အခုတည်ဆောက်နေတဲ့ အထပ်မြင့်အဆောက်အအုံပိုင်ရှင်တွေက ကွန်ဒိုဈေးကွက်ကို နိုင်ငံခြားသားတွေကိုပါ ဦးတည်ရောင်းချဖို့ ကြိုးစားနေကြလို့ပါ''ဟု လက်ရှိ ၃၄ထပ်မြင့် ဒိုင်းမွန်းပဲလေ့စ် ကွန်ဒိုကို မရမ်းကုန်းမြို့နယ်တွင်တည်ဆောက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
ရန်ကုန်မြို့တွင် လာမည့်နှစ်များအတွင်း အပြီးသတ်မည့် ၃၄ ထပ်မြင့်ကွန်ဒိုများ၊ ၃၉ ထပ်မြင့် ရုံးခန်းအဆောက်အအုံများကို ဆောက်လုပ်နေရာ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးလာသည်နှင့် အဆင်သင့်ဖြစ်နေစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက အပြိုင်အဆိုင်တည်ဆောက်နေကြပြီဖြစ်သည်။
သို့သော် ရန်ကုန်မြို့ကြီးတွင်နေထိုင်သည့်လူအများအတွက်အပန်းဖြေအနားယူနိုင်မည့် နေရာရှားပါးလာခြင်းကို ပြန်လည်သုံးသပ်ဖန်တီးပေးဖို့လိုအပ်လာပြီဖြစ်ကြောင်းကိုလည်း ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်နှင့် နှိုင်းယှဉ်ကြည့်ရာမှတွေ့မြင်လာရသည်။
ရန်ကုန်မြို့တော်တွင် များပြားလာသော လူဦးရေနှင့် နှိုင်းယှဉ်ပါက ထိုလူအများအတွက် နေရာထိုင်ခင်း ဖန်တီးပေးရန်လိုအပ်သည် မှန်သော်လည်းလူသားတို့အတွက် စိတ်လက်အပန်းဖြေနိုင်မည့် နေရာထိုင်ခင်း ရှားပါးလာခြင်းသည် ထွက်ပေါက်တစ်ခု ပိတ်ဆို့နေသကဲ့သို့ပင် ဖြစ်လာသည်။
မကြာသေးခင်က ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်းပင်မြို့သို့ ခေတ္တရောက်ရှိခဲ့စဉ်က အများပြည်သူတို့အတွက် ဖန်တီးထားသော နေရာတော်တော်များများတွင် အပန်းဖြေနေကြသည့် ပြည်သူများကို တွေ့ရသည်မှာအလွန်ပင် အားကျဖွယ်ကောင်းပါသည်။
ဖနွမ်းပင်မြို့တွင် လက်ရှိ လူဦးရေ ၁ဒသမ ၅ သန်းရှိကာ ရန်ကုန်မြို့တွင် ခုနစ် သန်းနီးပါး ရှိနေခြင်းသည် နေရာထိုင်ခင်း ဖန်တီးပေးရာတွင် ကွာခြားချက်ဟုဆိုနိုင်သော်လည်း ထိုဖန်တီးပေးနိုင်သည့် နေရာထိုင်ခင်းကြောင့် အများပြည်သူ စိတ်အေးသက်သာစွာ အပန်းဖြေနိုင်ခြင်းသည် မြို့ပြ၏ ကောင်းမွန် သော ဖန်တီးချက်တစ်ခုပင် ဖြစ်သည်။ မြို့လယ်ကောင်ဖြစ်သည့် အချက်အချာကျသည့် နေရာများတွင်ပင် ဥယျာဉ်ကဲ့သို့ နေရာကျယ်များကို မြေရာအခင်း အကျင်းကောင်းကောင်းဖြင့် ဖန်တီး ထားပြီး Public Art ဟု ခေါ်နိုင်သည့် ပန်းပုအလှများဖြင့် နေရာတော်တော်များများကို အလှဆင်ထားသည်။
''ဒီမှာက လူနေနည်းတယ်။ ဒါပေမယ့်ပိုပေါ့လက်ထက်နောက်ပိုင်းမှာ ပိုပြီးဖွံ့ဖြိုးအောင် နိုင်ငံတကာက အကူအညီတွေရခဲ့တယ်။ ပျက်စီးကုန်တဲ့ နေရာတွေကနေ အခုလို ပြန်လည်တည်ဆောက်လာနိုင်ခဲ့တာ'' ဟု ကမ္ဘောဒီးယား နိုင်ငံရှိ Bayon TV ရုပ်သံဌာနမှထုတ်လုပ်သူတစ်ဦးက ရှင်းပြသည်။
မြို့လယ်ကောင် နေရာအနှံ့တွင် ဖန်တီးထားသည့် နေရာကျယ်ကျယ်များတွင် ပန်းအလှပင်များ၊ မြက်ခင်းစိမ်းများ ၊ ရုပ်တုကြီးများ၊ ရေပန်းများအပြင် အများသူငါ အေးဆေးစွာ အနားယူနိုင်ရန်ထိုင်ခုံအများအပြားကိုလည်း ဆောက်လုပ်ပေးထားသည်။
မဲခေါင်မြစ်အပါအဝင် မြစ်ဆုံခွဆုံရာကမ်းနဖူးတစ်လျှောက်တွင် မြစ်ကမ်းဘောင်ကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ပေးထားပြီး ထိုဘောင်တစ်လျှောက်ပြည်သူများ အပန်းဖြေလမ်းလျှောက်နိုင်ရန် ပလက်ဖောင်းကျယ်များအပြင်မြေရာပြုပြင်မှုကိုလည်း စနစ်တကျဖန်တီးထားသည်။
ညနေတိုင်း ဘုရင့်နန်းတော်ရှေ့ရှိမြစ်ကမ်းနဖူးဘေးတွင် လာရောက်အပန်းဖြေ အနားယူကြသည့် ပြည်သူများမှာ နေ့စဉ်ရှိကြောင်းလည်းဖနွမ်းပင်မြို့ခံများက ပြောသည်။လေကောင်းလေသန့် ကောင်းစွာရရှိပြီး မြစ်ကြောင်းတစ်လျှောက်သဘာဝပတ်ဝန်းကျင် မပျက်စီးသေး သည့်အတွက်လည်း စိတ်အေးချမ်းသာစွာ လမ်းလျှောက်၊ အပြေးလေ့ကျင့်ကြ သည့်ပြည်သူများမှာ ညစဉ်ညတိုင်းမပြတ်ရှိကြသည်။
''ဒီမြစ်ကမ်းနဖူးက အရမ်းကို လေကောင်းလေသန့်ရတယ်။ သဘာဝပတ်ဝန်းကျင်ကလည်း သန့်ရှင်းသေးတယ်။လေထုညစ်ညမ်းမှု မရှိဘူး။ မြစ်ကမ်းဘေးက စားသောက်ဆိုင်တွေပေါ်ကနေ မြစ်ထဲကို ကြည့်လိုက်ရင် လေလေးက တဖြူးဖြူးနဲ့ အရမ်းကို စိတ်အပန်းပြေတယ်။ ဒါကြောင့် ဒီကိုရောက်တိုင်း ဒီနေရာမှာ လာပြီးစားသောက်အပန်းဖြေလေ့ရှိတယ်'' ဟု ဘန်ကောက်ပို့စ်သတင်းစာ၏ အယ်ဒီ တာချုပ် မစ္စတာ ပီချိုင်းချွန်စွက်ဆဝါးဒီးက ပြောပြခဲ့သည်။
လူဦးရေနည်းပါးသောကြောင့်နေရာထိုင်ခင်း ဖန်တီးပေးရာတွင်ဖနွမ်းပင်မြို့သည် ရန်ကုန်မြို့လောက်အခက်အခဲ မတွေ့ရှိရသော်လည်း လက်ရှိထိုမြို့ပေါ်ရှိ မြေပေါက်ဈေးကမူ ရန်ကုန်မြို့ထက် မြင့်မားလျက် ရှိသည်။
''ဒီမှာ တစ်စတုရန်းမီတာကို ဒေါ်လာ၆,ဝဝဝ လောက် အမြင့်ဆုံး ဖြစ်နေတယ်။ဒါက အချက်အချာကျတဲ့ နေရာတွေမှာဖြစ်ပါတယ်။ မြို့ပြင်ရောက်သွားတယ်ဆိုရင်တော့ တစ်စတုရန်းမီတာကိုဒေါ်လာတစ်ရာ၊ နှစ်ရာတန်လောက်တွေလည်း ရှိပါတယ်''ဟု ဖနွမ်းပင်ပို့စ်သတင်းစာ၏အိမ်ခြံမြေရေးရာ အယ်ဒီတာတစ်ဦးက ပြောဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် အထပ်မြင့်ကွန်ဒိုမီနီယံများကို ပထမထပ်မှ စတင် ၍ နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုခဲ့သောကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုလည်းများစွာ ဝင်ရောက်လာခဲ့သည်။ ''ဒါပေမယ့် လက်ရှိ ဖနွမ်းပင်မှာ အိမ်ခြံမြေဈေးကွက်က တော်တော်ကို ငြိမ်နေတယ်။ ဈေးတွေကတော့ မကျဘူး။ ဒါပေမယ့် အရောင်းအဝယ်လည်းမဖြစ်ဘူး''ဟု အဆိုပါ အယ်ဒီတာကပြောသည်။
၂ဝဝ၈ ခုနှစ်ကာလခန့် အချိန်သည်ဖနွမ်းပင်မြို့တွင် အိမ်ခြံမြေ ဈေးကွက်အကောင်းဆုံး အချိန်ဖြစ်ခဲ့ပြီး ယခုပြန်လည်ကျဆင်းလာနေခဲ့ရာ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်နှင့်လည်း အလားသဏ္ဍာန် တူနေသည်ကို တွေ့ ရသည်။
ရန်ကုန်မြို့တွင် နိုင်ငံခြားသားများကိုကွန်ဒိုဝယ်ယူခွင့်မပေးသေးသောကြောင့် မြို့လယ်ကောင်ကျသည့် နေရာများတွင်ပင် အိမ်ခြံမြေဈေးနှုန်းမှာ တစ်စတုရန်းပေကို ကန်ဒေါ်လာ ၁,၅ဝဝခန့် သာရှိနေပြီး အဆိုပါ ဈေးအမြင့်ဆုံး သည်လည်း အရောင်းအဝယ်မဖြစ်ဘဲ ခေါ်ဈေးများသာ ဖြစ်နေသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးကွက်ကောင်းမွန်လာပြီး သန့်ရှင်းတောက်ပြောင်သည့် မြို့တော်၊ အများ ပြည်သူတို့အတွက်အပန်းဖြေ နားနေရာ များဖြင့် လှပတင့်တယ်သည့် မြို့တော် ဖြစ်ပေါ်လာစေရန်မှာ သက်ဆိုင်ရာ တာဝန်ရှိအစိုးရက တွန်းအားပေး လုပ်ဆောင်ဖို့ များစွာလိုအပ်နေပြီ ဖြစ်သည်။
Source : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties