By Irrawaddy, Shweproperty.com
Updated at 11 January 2019
နေပြည်တော် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်များ ပိုဖြစ်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ အရောင်းအဝယ် ဖြစ်နေခြင်းသည် မြေကွက်ဝယ်ယူစုဆောင်းသူ များပြားလာသောကြောင့် ဖြစ်ပြီး အကျဈေးဖြင့် အရောင်းအဝယ် ဖြစ်နေခြင်းမဟုတ်ဘဲ ကာလပေါက်ဈေးအတိုင်း အရောင်းအဝယ် ဖြစ်နေသည်ဟု အိမ်ခြံမြေလုပ်ကိုင် သူများက ပြောဆိုသည်။
နေပြည်တော် ဇေယျာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က“ရန်ကုန်၊ မန္တလေးထက်စာရင် နေပြည်တော် က အသွက်ဆုံးပဲ။ အငှားကတော့ ရန်ကုန်ပြီးရင် နေပြည်တော်က ဒုတိယအသွက်ဆုံးပဲ။ အတော်လေးအလုပ်ဖြစ် ပါတယ်”ဟု ပြောသည်။
နေပြည်တော် ၈ မြို့နယ် အတွင်း မြို့နယ်အလိုက် အိမ်ခြံမြေအကျိုးဆောင်များ ရှိနေကာ ယင်းမြို့နယ်အားလုံးတွင်တရက်ကို ၁၀ ကွက်မှ ၂၀ ကွက် အထိ အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
နှစ်ဆန်းပိုင်းတွင် နေပြည်တော် အိမ်ခြံမြေ ဈေးကွက်မှာ လျှော့ဈေးဖြင့် အရောင်းအဝယ်လုပ်ရသည်အထိ ကျဆင်းသွားခဲ့ကြောင်း အကျိုးဆောင်များက ပြောသည်။
လက်ရှိ၌ ဒေသခံလုပ်ငန်းရှင်များ အပြင်အခြား ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များကပါ နေပြည်တော်တွင် စီးပွားရေး လုပ်ငန်းများအတွက် အိမ်ခြံမြေတွေ ဝယ်ယူကြသလို အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံသူ များပြားလာသည်ကို တွေ့ရကြောင်း နေပြည်တော် ရွှေလက်ပံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာမြင့်က ဆိုသည်။
“အရောင်းရော၊ အငှားရော တက်တယ်။ ဒီအစိုးရလက်ထက်မှာ ကွက်သစ်ထပ်မရိုက်တော့ အရင်အကွက်အဟောင်း တွေပဲ တကျော့ပြန်၊ နှစ်ကျော့ပြန် အရောင်းအဝယ်တွေ ဖြစ်နေတာလည်း ပါတယ်”ဟု ၎င်းက ပြောသည်။
ဦးကျော်စွာမြင့်တို့ အကျိုးဆောင်လုပ်ငန်းအနေနှင့် ၂၀၁၈ ခုနှစ်အတွင်း အကွက်ပေါင်း ၇၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းလည်း ပြောဆိုသည်။
နေပြည်တော်ရှိ မြို့နယ်တိုင်း အရောင်းအဝယ် ဖြစ်နေသော်လည်း ဈေးနှုန်း ကွာဟမှုများ ရှိနေကြောင်း၊ ပုဗ္ဗသီရိမြို့နယ် တွင် ငွေကျပ်သိန်း ၁၀၀ မှ သိန်း ၄၀၀ ကြား၊ ဥတ္တရသီရိ မြို့နယ် တွင် သိန်း ၅၀၀ နဲ့ ၁၅၀၀ ကြား၊ ဇမ္ဗူသီရိ မြို့နယ်၊ ရွှေကြာပင် ရပ်ကွက်တွင် သိန်း ၁၀၀၀ အောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ သပြေကုန်းတွင် အကွက်ကြီး သိန်း ၁ ထောင်နှင့် သိန်း ၄၀၀၀ ကြားအရောင်းအဝယ် ဖြစ်နေကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံက သိရသည်။
၂ နှစ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များ အလုပ်ပြန်လည် ဖြစ်လာကြောင်းလည်း အကျိုးဆောင်များ၏ ပြောပြချက် အရသိရသည်။
ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက်မှ စီးပွားရေးလုပ်ငန်းရှင် ဦးဥက္ကာမင်း က“မန္တလေးက အမျိုးတွေဆို နေပြည်တော်မှာအကွက်တွေ လာဥထားတာ။ နေပြည်တော်ဆိုတော့ လူအများစု စိတ်ဝင်စားတယ်။ အစိုးရဘက်ကသာ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ ဒီထက် ဖွံ့ဖြိုးအောင် ချပေးကြည့်ပါလား အနယ်နယ်အရပ်ရပ်က လုပ်ငန်းရှင်တွေတဟုန်ထိုး စုလာပြီး ရင်းနှီးကြမှာ” ဟု ပြောသည်။
နေပြည်တော်ကောင်စီ နယ်မြေအတွင်း မြို့ဟောင်းများ ဖြစ်သည့် လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း မြို့များတွင်လည်း ယာမြေများကို အိမ်ခြံမြေ အဖြစ် အကွက်ရိုက်ရောင်းချမှုများ ရှိနေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ရှေ့၌ နှစ်ဦး သဘောတူအရောင်းအဝယ် စာချုပ်ချုပ်ဆို၍ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ပျဉ်းမနားမြို့ ကံဦးကွက်သစ်နေ ဦခင်ဦးကလည်း“ ကျနော်တို့ အခုနေတဲ့ အကွက်က အရင်က သပြေစိုက်တဲ့အကွက်။ ဈေးနှုန်းမြင့်တာလည်း အရမ်းမလိုက်နိုင်ဘူးလေ။ ကိုယ်ပိုင် အကွက်လေးနဲ့လည်း နေချင်လို့ အရဲစွန့်ပြီး ဝယ်လိုက်တာ။ အခုတော့ ကိုယ်ထက် အစွန်ကျတဲ့ အကွက်တွေတောင် အရောင်းအဝယ် ဖြစ်နေကြတယ် ”ဟု ပြောသည်။
နေပြည်တော်တွင် ပုံမှန် ဈေးနှုန်းအတိုင်းအရောင်းအဝယ် ဖြစ်နေကြောင်း၊ အငှားဈေးကွက်တွင် INGO ၊ NGO နှင့် ကုမ္ပဏီဖွင့်မည့် စီးပွားရေးလုပ်ငန်းရှင် အများစု အငှားများကြောင်း အကျိုးဆောင်များ၏ ပြောဆိုသည်။
NLD အစိုးရ တက်လာပြီးနောက်ပိုင်းတွင် နေပြည်တော်၌ အကွက်သစ်ဖော်ထုတ်မှု မရှိတော့သဖြင့် မြေကွက်အဟောင်း များကိုသာ အပြန်အလှန် အရောင်းအဝယ် ဖြစ်နေပြီး ပုဗ္ဗသီရိ မြို့နယ် အတွင်း ပေ ၄၀ ပေ ၆၀ မြေကွက်ကို ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြားတွင် အများဆုံး အရောင်းအဝယ် ဖြစ်နေသည် ဟု သိရသည်။
လက်ရှိ နေပြည်တော်၌ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရ သီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး နှင့်တပ်ကုန်း ဟူ၍ မြို့နယ် ၈ မြို့နယ်နှင့် ဖွဲ့စည်းထားပြီး အကျယ်အဝန်း စုစုပေါင်း ၂၇၂၄ ဒသမ ၇၅ စတုရန်းမိုင် ရှိကာ လူဦးရေ ၁ သန်း ကျော် နေထိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများတွင် ဖော်ပြထားသည်။
Ref & Photo Credit : Irrawaddy
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties