By Eleven Media Group, Shweproperty.com
Updated at 21 February 2017
နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြင့် လည်ပတ်နေရာမှ တဖြည်းဖြည်း အရောင်းအဝယ် ပိုသွက်လာပြီး ဈေးကွက်အနေအထား ပိုမို ကောင်းမွန်လာနိုင်ကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြားသည်။
လက်ရှိတွင် အမြတ်အစွန်းရရှိရန် ဝယ်ယူ ရင်းနှီးမြှုပ်နှံသူများထက် အမှန်တကယ် နေထိုင်မည့်သူများ၊ လုပ်ငန်း လုပ်ကိုင်လိုသူများ၏ ဝယ်ယူမှု ပိုမိုများပြားလာခြင်းကြောင့် အရောင်းအဝယ် သိသိသာသာ လှုပ်ခတ်ခြင်း မရှိသော်လည်း ပုံမှန်အရောင်းအဝယ်ဖြင့် လည်ပတ်နေကြောင်း သိရသည်။
“ဈေးကွက်အနေနဲ့ပြောရင် ဝယ်ရောင်းဈေးကွက် သိပ်မလာတော့ဘူးပေါ့။ နေမယ့်သူတွေ များတယ်။ သွားရေးလာရေး လွယ်မယ်။ နေရတာ လုံခြုံမယ်။ အဲဒီအနေအထားကို ရွေးဝယ်ကြတယ်။ ဈေးကတော့ တက်လည်း မတက် ကျလည်း မကျဘဲ ရောင်းသူဝယ်သူ နှစ်ဖက်မျှတဲ့ ဈေးနဲ့သွားနေတာ။ အဝယ်က ကျဲလည်း မသွားဘူး။ စိတ်လည်း မလာဘူး။ လက်ရှိကတော့ ပုံမှန်ဈေးကွက်ပါပဲ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှ တွဲဖက်အတွင်းရေးမှူး၊ ဇေယျာအိမ်ခြံမြေကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးနန္ဒကျော်က ပြောကြားသည်။
လက်ရှိတွင် ပုံမှန်ဈေးကွက် ဖြစ်နေသော်လည်း နေပြည်တော်သည် မြန်မာနိုင်ငံ၏ အချက်အချာကျသော နေရာတွင် ရှိနေခြင်း၊ အခြားမြို့ကြီးများထက် မြေနေရာ ကျယ်ကျယ်အား သက်သာသော ဈေးနှုန်းဖြင့်ရနိုင်ခြင်း၊ တည်ငြိမ်အေးချမ်းမှုရှိခြင်း၊ မြေယာပိုင်ဆိုင်မှု အရှုပ်အထွေးနည်းပါးခြင်း၊ ဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံများ တစ်နေ့ထက် တစ်နေ့ ပိုမိုပြည့်စုံ ကောင်းမွန်လာခြင်း၊ ပညာရေးဝန်ဆောင်မှုများ ပိုမိုရရှိလာခြင်းတို့က အဓိက ဆွဲဆောင်မှုများဖြစ်နေပြီး အိမ်ခြံမြေဈေးကွက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း နေပြည်တော်ရှိ အိမ်ခြံမြေလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။
“အခြေချနေထိုင်ဖို့အတွက် စဉ်းစားကြပြီဆိုရင် နေပြည်တော်ကို အခုတော့ တော်တော်များများ အာရုံစိုက်မိလာကြပြီ။ မြန်မာတစ်ပြည်လုံး မှာ နေပြည်တော်ကနေ ဘယ်ကိုသွားသွား နီးတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး စသဖြင့်ပေါ့။ တန်ဖိုးလည်း သင့်တယ် ။ နေရတာ လည်း အသက်ရှူချောင်တယ်။ စီးပွားရေးလုပ်ငန်းလေး တစ်ခုသာရှိရင် နေပြည်တော်မှာ နေချင်တယ်ဆိုတဲ့သူတွေလည်း ပိုများလာပါပြီ”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ပြောကြားသည်။
နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် အရောင်းအဝယ် သွက်လာပါက ဈေးနှုန်း ပြန်တက်လာရန် မရှိဘဲ ရာခိုင်နှုန်းအနည်းငယ်သာ တက်လာနိုင်မည် ဖြစ်ကြောင်း၊ လူနေကျဲပြီး အဝယ်မလိုက်သည့် မြေကွက်များ အဝယ်လိုက်လာနိုင်ကြောင်း၊ သို့ရာတွင် ဈေးချိုသော်လည်း လူနေထိုင်မှု လွန်စွာနည်းပါးကာ ခေါင်လွန်းသည့် နေရာများမှာမူ ဈေးကွက်အပြောင်းအလဲ မရှိနိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင် များက ပြောကြားသည်။
“၂၀၁၇ ခုနှစ်မှာက အခုကတော့ ပထမ သုံးလတာပေါ့။ ဒုတိယ သုံးလနဲ့ တတိယ သုံးလလောက်မှာ နေပြည်တော်ရဲ့ဈေးကွက်က ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်မယ်ထင်တယ်။ အရင်တုန်းကလိုမျိုး မနက်ဈေးဖွင့် ညနေထွက်သွားတာမျိုး ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ပထမသုံးလထက် ဒုတိယသုံးလကတော့ နေရာအစုံမှာ ပိုသွက်မယ်လို့တော့ ထင်တယ်။ နေပြည်တော်ကတော့ ကျယ်တဲ့အတွက် ဥတ္တရကို ကြည့်ရင်းနဲ့ ဒက္ခိဏလည်း စိတ်ဝင်စား၊ ရွှေကြာပင်လည်း စိတ်ဝင်စား၊ ပေါင်းလောင်းကိုလည်း မလွှတ်ချင်ဘူးဆိုတာမျိုး ရွေးချယ်စရာတွေ များတဲ့အတွက် ဈေးက ရုတ်ခြည်းတက်လာမှာတော့ မဟုတ်ဘူး”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှ တွဲဖက်အတွင်းရေးမှူး ဦးဝင်းဇော်ဦး (ရွှေလက်ပံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း) က ပြောကြားသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (နေပြည်တော်) မှ တွဲဖက်အတွင်းရေးမှူး၊ ဇေယျာအိမ်ခြံမြေကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးနန္ဒကျော်က “လက်ရှိက ပုံမှန်ဈေးကွက်အတိုင်းလေးပဲ သွားနေမယ်။ အိုင်အယ်ဘီစီ နိုင်ငံခြားတက္ကသိုလ်လာရင် သံရုံးတွေလာရင် နည်းနည်း သွက်လာမယ်။ လူနေထူထပ်တဲ့ နေရာတွေမှာ ရောင်းဖို့ ရှားလာပြီး နည်းနည်းလေး ဈေးမာလာမယ်။ ၁၀ ရာနှုန်း၊ ရာနှုန်း ၂၀ လောက် တက်လာမယ်။ လူနေကျဲတဲ့ နေရာလေးတွေမှာ အဝယ်လိုက်လာမယ်။ အခုက လူနေကျဲတဲ့နေရာကို မဝယ်ဘဲ လူနေထူတဲ့နေရာ ဝယ်ကြတယ်။ လူနေကျဲတဲ့ နေရာတွေက အခုအချိန် ၁၀၀ နဲ့ မထွက်ဘူးဆိုရင် နောက်ပိုင်းမှာ ၁၀၀ နဲ့ ထွက်လာမယ်။ ဒီလိုပဲ မှန်းရတယ်။ ၁၀ ဆတက်ဖို့ မရှိဘူးဆိုတာက အရင်းအမြစ် မတွေ့မိဘူး” ဟု ပြောကြားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာပါကလည်း နေပြည်တော်သည် အုပ်ချုပ်ရေးမြို့တော် ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးကွက်အပေါ် ထူးထူးခြားခြား သက်ရောက်မှု မရှိနိုင်ကြောင်း၊ အခွန်နှုန်းထားအား အများပြည်သူ ပေးဆောင်နိုင်သည့် နှုန်းထားဖြစ်မှသာ အရောင်းအဝယ် ပိုမိုကောင်းလာနိုင်မည် ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
လက်ရှိ နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ရွှေကြာပင်ရပ်ကွက်များ၊ ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက်များ၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်မှ လူနေထူထပ်ကာ သွားလာရေး အချက်အချာကျသော ရပ်ကွက်များတွင် ဝယ်ယူလိုသူများက စိတ်ဝင်စားကြောင်း၊ သပြေကုန်းရပ်ကွက်မှာ ယင်းနေရာများထက် ဈေးနှုန်းမြင့်ခြင်းနှင့် နေရာရှားပါးခြင်းတို့ကြောင့် အရောင်းထက် အငှားဈေးကွက်က ပိုသွက်ကြောင်း သိရသည်။ အရောင်းအဝယ် အခြေအနေမှာလည်း ခေါ်ဈေးထက် နှစ်ဖက်ညှိနှိုင်းမှုဖြင့် အများဆုံး အရောင်းအဝယ်ဖြစ်ကြကြောင်း သိရသည်။
အိမ်ခြံမြေဈေးကွက်တွင် သိန်း ၅၀၀ အောက်သာ အရောင်းအဝယ်များပြီး သိန်း ၁၀၀၀ အထက် အရောင်းအဝယ် မရှိသလောက် နည်းပါးခဲ့ရာမှ ၂၀၁၆ နှစ်လယ်ပိုင်းမှစ၍ တဖြည်းဖြည်း အရောင်းအဝယ် ရှိလာကြောင်း သိရသည်။
Ref & Photo Credit : Eleven Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties