By The Trade Times, Shweproperty.com
Updated at 25 June 2015
ပြောင်းလဲလာသည့် မြို့ပြလူနေမှုစနစ်၏ လိုအပ်ချက်အရ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာသည်နှင့်အညီ ဆောက်လုပ်ရေး အလုပ်သမားများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ မြင့်မားနေသော်လည်း လုပ်ငန်းခွင်အတွင်း ဆုံးရှုံး မှုများစွာရှိနေကြောင်း ¤င်းအလုပ်သမားများ၏ အတွေ့အကြုံများက သက်သေခံနေတော့သည်။
လုံခြုံရေးအားနည်းနေသည့် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လေ့ရှိသော မတော်တဆမှုများက ဆေးဖိုးဟု နည်းပါးလှသည့်ငွေပမာဏ နှင့်သာ ပြီးဆုံးသွားရသည့် နစ်နာမှုများက မရေတွက်နိုင်အောင် ရှိနေလေသည်။ ”လုပ်ငန်းခွင်မှာ မတော်တဆမှုတွေဖြစ်ရင် ဆေးဖိုးတော့ ရပါတယ်။
ကြားကာလ အလုပ်မဆင်းနိုင်ရင်လည်း လစာပေးတယ်”ဟု ၁၉၈၂ ခုနစ်မှ စတင် ၍ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ရင်းနှီးခဲ့သည့် ဦးရဲနိုင်ဝင်းက ပြောသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင် ကန့်သတ်ချက်မှာ မရှိသလောက် နည်းပါးနေပြီး အလုပ်အကိုင် ရရှိနှုန်း မြင့်မားသည့်အတွက် ဆယ်ကျော်သက် ကလေးများလည်း လုပ်ငန်းခွင် အတွင်း ရှိနေကြောင်း သိရသည်။
”ကျွန်တော် အလုပ်စလုပ်တော့ ၁၄ နှစ်ပဲ ရှိသေးတယ်”ဟု ဦးရဲနိုင်ဝင်းက လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခဲ့သည့် အချိန်ကာလတစ်ခုကို ပြောကြားရင်း ကလေးလုပ်သားများ ကျင်လည်ရာနေရာတစ်ခုကို ထုတ်ဖော်ပြောကြားသည်။ ၁၉၈၂ ခုနှစ်မှ စတင်၍ တစ်ရက်လျှင် လုပ်အားခ ခြောက်ကျပ်နှုန်း ရရှိခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ကျပ် ၇,ဝဝဝ ခန့်အထိ ဆောက်လုပ်ရေး အလုပ်သမား များ၏ လုပ်အားခဝင်ငွေ မြင့်မားလာသော်လည်း အလုပ်သမားတစ်ဦး၏ ခွင့်ရက် ခံစားခွင့်၊ လုပ်ငန်းသုံးပစ္စည်း ရပိုင်ခွင့်များ ဆုံရှုံးနေဆဲဖြစ်ကြောင်း ဦးရဲနိုင်ဝင်းက ပြောသည်။
ခေတ်၏ လိုအပ်ချက်အရ ကြီးထွားလာသည့် လုပ်သားဈေးကွက် ဖြစ်နေ သော်လည်း ဆောက်လုပ်ရေးလုပ်သားတို့၏ အရေးကိစ္စများကို ငဲ့ကြည့်မည့်သူ မရှိကြောင်း ခံစားချက်အချို့ကို ၎င်းက ပြောသည်။
ဆောက်လုပ်ရေး အလုပ်သမားများမှာ လုပ်ငန်းခွင်တွင် အခြားသော အလုပ်သမားများ နည်းတူ လုပ်ခလစာမရရှိသည့် ပြဿနာများ၊ လုပ်ငန်းခွင် ထိခိုက်မှုများ ရှိနေသော်လည်း ယင်းပြဿနာများကို အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဖြေရှင်း မှုလည်း အားနည်းနေကြောင်း အလုပ်သမားအရေး ဆောင် ရွက်သူအချို့က ဝေဖန်ပြော ကြားသည်။
”နှစ်လ၊ သုံးလလောက် နေမှ တစ်မှုလောက် တက်တယ်။ ဒါတောင် အဆက်အသွယ်ရှိမှ တိုင်ပါဆိုမှ တိုင်တာပါ။ တစ်ခါ တလေ ကိုယ်တို့က ဖြစ်စဉ်တွေကို သိနေပေမယ့် လက်တွေ့မှာ တိုင် ကြားမှုဆိုတာက ရှိမလာဘူး”ဟု Action Labour Rights ဥက္ကဋ္ဌ ဦးသူရိန်အောင်က ပြောသည်။
ယင်းအဖွဲ့၏ အတွေ့အကြုံများအရ ဆောက်လုပ်ရေးအလုပ်သမားများ ကြုံတွေ့ ရသည့် ပြဿနာမှာ လုပ်ခလစာ အပြည့်အဝ မရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
တောင်းဆိုမှုများနည်းပါးသည့် ဆောက်လုပ် ရေး အလုပ်သမားများမှာ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာဖြစ်ပွားမှု အနည်းဆုံးဖြစ်ကြောင်း အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီမှ သိရသည်။
”ဆောက်လုပ်ရေး အလုပ်သမားတွေလည်း လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ လုပ်ခလစာနဲ့ ပတ်သက်တာဖြစ်ဖြစ် အငြင်းပွားမှုတွေ ဖြစ်လာခဲ့ရင် တရားစွဲခွင့်ရှိပါတယ်”ဟု အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။
ယင်းအလုပ်သမား ကိုယ်စားလှယ်၏ ပြောကြားမှုအရ ဒေသတွင်းတွင် ဖွဲ့စည်းထားသည့် ဆောက်လုပ်ရေး အလုပ်သမားသမဂ္ဂများမှာ အရေအတွက် အားဖြင့် ၁၂ ခုခန့် ရှိနေသော်လည်း နာမည်ခံအဆင့်မျှသာ ရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောက်လုပ်ရေးသမဂ္ဂများ၏ လှုပ်ရှားမှု အားနည်းခြင်းသည် အလုပ်သမား အငြင်းပွား မှု ပြဿနာများကို ဖြေရှင်းရာ၌ အခက်အခဲရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် ဥပဒေပညာရှင် ဦးဇော်ဦးက ပြော သည်။
”ဆောက်လုပ်ရေး အလုပ်သမားတွေ အငြင်းပွားမှုတွေဖြစ်ရင် အလုပ်ရှင်၊ အလုပ်သမား ဥပဒေအရ တရားစွဲလို့ ရတယ်။ ဒါပေမယ့် တစ်ဦးချင်းအနေနဲ့ ဖြစ်ရင် မြို့နယ်အဆင့်အထိပဲ ညှိနှိုင်းလို့ ရတယ်။ ဒါမှ အဆင်မပြေရင် မြို့နယ်တရားရုံးမှာ တရားစွဲရမယ်။ သမဂ္ဂအနေနဲ့ဖြစ်ရင် တိုင်းဒေသကြီးအဆင့် အထိ တက်လို့ရတယ်”ဟု ၎င်းက ပြောသည်။
ခေတ်ကာလ လိုအပ်ချက်အရ အလုပ်အကိုင်ရရှိနှုန်း မြင့်မားနေသော် လည်း လုပ်ငန်းခွင်အတွင်း အန္တရာယ်များသည့် စိန်ခေါ်မှုများက စောင့်ကြို နေသည်ကို အထပ်မြင့်အဆောက်အအုံကြီးများတွင် လုပ်ကိုင်နေသည့် ၎င်းတို့၏ လုပ်ငန်းခွင်အခြေအနေက သက်သေခံနေတော့သည်။
နိုင်ငံတကာ တွင် ဆောက်လုပ်ရေး အလုပ်သမားများ ရရှိသည့် လုံခြုံရေး ပစ္စည်းကိရိယာများမှာ အုပ်စုများ ဖွဲ့၍ ကန်ထရိုက်၏ ခိုင်းစေမှုအောက်လုပ်ကိုင်ရသည့် အလုပ် သမားများအတွက် ဝေးနေဆဲပင်။
တစ်ပိုင်တစ်နိုင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့်သူများအနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရန် လက်ခံရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရေး အသုံးပြုမည့်ပစ္စည်းများအတွက် ငွေကြေးတောင်းခံခြင်း မရှိကြောင်း တစ်ဆင့်ခံ ကန်ထရိုက်အချို့ထံမှ သိရသည်။
”ကုမ္ပဏီကြီးတွေက တာဝန်ယူဆောက်လုပ်တယ် ပြောပေမယ့် သူတို့က တစ်ခုချင်းကို ကန်ထရိုက်ပေးတာ။ ဈေးအနည်းဆုံးနဲ့ လုပ်နိုင်တဲ့သူကတော့ သူတို့နဲ့ တွဲလို့ရတာပေါ့။ ကန်ထရိုက်ငယ်လေးတွေက ဘာမှ မပေးပါဘူး။ ကုမ္ပဏီကြီးတွေမှာ လုပ်တဲ့သူတချို့တော့ ရတယ်လို့ ပြောတာပဲ”ဟု ၁၉၈၇ ခုနှစ်မှ စတင်၍ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ဆောင်ခဲ့သူ ဦးကျော်မိုးဦးက ပြောသည်။
တစ်ပိုင်တစ်နိုင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များမှာလုပ်သားများ လုပ် ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင် ခြင်းမရှိသော်လည်း ဆောက်လုပ်ရေးကုမ္ပဏီကြီး များမှာမူ တာဝန်ယူလုပ်ဆောင်ပေးကြောင်း ကုမ္ပဏီအချို့ထံမှ သိရသည်။
”ဦးတို့ကုမ္ပဏီကတော့ လုံခြုံရေးအတွက် အဓိကထား လုပ်ဆောင်ပေး တယ်။ လုပ်ငန်းခွင်လုံခြုံရေးကို စီမံခန့်ခွဲပေးနိုင်ဖို့ ဌာနသီးသန့်ထားတယ်။ လုပ်ငန်းခွင်ထဲမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေပေးတယ်။ အမြင့် တက်မယ်ဆိုရင် လုံခြုံရေးပစ္စည်းအစုံ တပ်ဆင်မှု ရှိမရှိ စစ်ဆေးတယ်”ဟု နိုင်ဂရု(ပ်)ဆောက်လုပ်ရေးမှ အထွေထွေမန်နေဂျာ ဦးယဉ်ထွေးက ပြောသည်။
ဆောက်လုပ်ရေးကုမ္ပဏီကြီးများ ယင်းတို့၏လုပ်ငန်းခွင် ဘေးကင်းရေး အတွက် လုံခြုံရေးပစ္စည်းများ ပံ့ပိုးမှုရှိသော်လည်း ၎င်းတို့ထံမှတစ်ဆင့် ပြန်လည် လုပ်ကိုင်သည့် တစ်ဆင့်ခံကန်ထရိုက်များအနေဖြင့် လုပ်ငန်းခွင်ဘေးကင်းရေး ကိစ္စရပ်များအတွက် ငွေကြေးတောင်းခံခြင်းမရှိကြောင်း သိရသည်။
”ကျွန်တော့ရဲ့ အတွေ့အကြုံအရတော့ သူတို့က မတောင်းပါဘူး” ဟု နိုင်ဂရု(ပ်)ဆောက်လုပ်ရေး operation director ဦးစောမြင့်အောင်က ပြောသည်။
မည်သို့ပင်ဆိုစေကာမူ ဆောက်လုပ်ရေး လုပ်သားများ ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှု အခြေအနေမှာ အားရဖွယ် မရှိသေးကြောင်း အချက်အချာကျသည့် နေရာ များတွင် ဆောက်လုပ်နေဆဲ အဆောက်အအုံပေါ်ရှိ မြင်ကွင်း များက ဖော်ကျူးနေပြန်သည်။ ဒေသတွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် လုပ်ငန်းခွင် ဘေးကင်းရေး အားနည်းနေသည့် အပြင် အချို့ကုမ္ပဏီများတွင် အသုံး ပြုထားသည့် သတိပေးအမှတ်အသား အချို့မှာ သတ်မှတ်ထားသည့် အရောင် များအား သုံးစွဲခြင်းမရှိဘဲ အရောင်ပြောင်း ၍ သုံးစွဲခြင်းပင် ရှိနေကြောင်း ပညာရှင်အချို့ ကလည်း ဝေဖန်လျက် ရှိသည်။
”အခုက လုံခြုံရေး ဆိုင်းဘုတ်တွေကို ပိုသုံး လာတယ်။ အဓိပ္ပာယ်က ဒါပဲဆိုပေမယ့် သိနေတဲ့ သူတွေအတွက်တော့ ရယ်စရာဖြစ်နေတာပေါ့။ မြင်သာ အောင် ချိတ်ထားတဲ့ ဆိုင်းဘုတ်တောင် လွဲနေတာဆိုတော့ အထဲက လုပ်ငန်းခွင်ကို ယုံကြည်မှုပိုအားနည်းတာပေါ့”ဟု Global Enchanting Education Centre/Senior Trainer (Registered Safety Offi cer) ဦးအောင်ကိုးက ပြောသည်။
အများမြင်သာအောင် သတိပေးသည့် နေရာများတွင် သင်္ကေတများ မှားယွင်းဖော်ပြမှုသည် အလုပ်သမားများသာမက အလုပ်ရှင်များပါ လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာ အားနည်းနေခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
၎င်းအားနည်းမှုများက လုပ်ငန်းရှင်များ၏ အားနည်းမှုလား၊ အရှုံး အမြတ် တွက်ချက်မှုလား ၎င်းတို့သာ သိရှိနိုင်မည် ဖြစ်သော်လည်း ယင်းလုပ်ရပ် များက ဒေသတွင်း အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စွန့်စားမှုတစ်ခုဖြစ်နေသည်က အမှန်ပင် ဖြစ်နေတော့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ တွင် လုပ်သားများထက် စက်ကိရိယာ အင်အား ကို ပိုမိုသုံးစွဲလာကြသော်လည်း လုပ်သားများက လိုအပ်နေဆဲပင်။ တစ်ပိုင် တစ်နိုင်ဆောက်လုပ်ရေးများက ငါးထပ်ခန့် အမြင့်များဆောက်လုပ်နေသကဲ့သို့ လုပ်ငန်းကြီးများအနေဖြင့် အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။
အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နှုန်းမြင့်မားလာသည်နှင့် အမျှ ဆောက်လုပ်ရေး အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်းကြုံရသည့် မတော်တဆမှုများက ပြန်လည်ကုစားနိုင်သည့် ထိခိုက်မှုများထက် အဆများစွာ ကျော်လွန်ကာ အသက်အန္တရာယ်ပါ ရန်ရှာလာနိုင်သည့် ပြဿနာတစ်ခုဖြစ်လာ နိုင်သည်က အမှန်ပင်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကျင်လည်ရသည့် အလုပ်သမားများ အတွက် မတော်တဆမှုတစ်ခုက အသက်အန္တရာယ် ရင်းရသည်အထိ စိန်ခေါ်မှု များကြောင်း ဇွန်လ ၆ ရက်တွင် ဗဟန်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ပန်းရန်ဆရာ တစ်ဦး၏ဖြစ်ရပ်က သက်သေခံနေတော့သည်။
နေ့စဉ်ထုတ် သတင်းစာအချို့၏ ဖော်ပြချက်အရ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ဗီယက်နမ် ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့တစ်ခု ဆောက်လုပ်နေသည့် ၂၈ လွှာအမြင့်ရှိ အဆောက်အအုံတစ်ခု၌ အလုပ်လုပ်နေသည့် မြန်မာ ပန်းရန်ဆရာတစ်ဦး အမြင့် မှ ပြုတ်ကျသေဆုံးခဲ့ရသည်။ ဖြစ်စဉ်တွင် ပန်းရန်ဆရာအနေဖြင့် ဓာတ်လှေကား အပေါက်တွင်ခင်းထားသည့် သစ်သားပြားအား မယူကာ လုပ်ဖော်ကိုင်ဖက်အား လှမ်းပေးစဉ် အရှိန်လွန်၍ ပေ ၂၈ဝ အမြင့်မှ ဓာတ်လှေကားအပေါက်အတွင်း အောက်သို့ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်ရပ်က ဖွံ့ြဖိုးဆဲ နိုင်ငံတခုတွင် ဆောက်လုပ်နေသည့် အထပ်မြင့်အဆောက်အအုံများ၏ လုပ်သား များအတွက် အန္တရာယ်ရှိမှုကို ဖော်ပြလျက်ရှိသည်။
ယင်းထိခိုက်မှု၏ နောက်ဆက်တွဲနစ်နာမှုများအတွက်ကူညီလုပ်ဆောင် ပေးမှုများကလည်း ဆောက်လုပ်ရေးအလုပ်သမားတိုင်း
စောင့်ကြည့်ရမည့် အကြောင်းအရာတစ်ခုပင် ဖြစ်နေတော့သည်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၏ ပြယုဒ်တစ်ခုဖြစ်သည့် အထပ်မြင့် အဆောက်အအုံများ ပေါ်ထွက်လာမှုက ဒေသတွင်းဆောက်လုပ်ရေး အလုပ် သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခုဖြစ်နေသော်လည်း ယင်းအလုပ်သမားများအတွက် တာဝန်ယူပေးရမည့် ခေါင်းစဉ်များကလည်း များစွာရှိနေသည်ကို လုပ်ငန်းရှင်တိုင်း သတိပြုသင့်ပေသည်။ လုပ်ခလစာ ပုံမှန်ပေးသည့် တာဝန်ကျေမှုသာမက ယင်းအလုပ်သမားများ၏ လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးမှု၊ မတော်တဆမှု ဖြစ်စဉ်များတွင် ထိရောက်သော ခံစားခွင့်များ ပေးအပ်မှုများကလည်း ရင်းနှီး မြှုပ်နှံမှုနှင့် တွဲဖက်ပါဝင်ရန် လိုအပ်လှပေသည်။
ကုမ္ပဏီကြီးများက လိုအပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ၊ ကိရိယာများကို အသုံးပြုရန် စီမံဆောင်ရွက်ထားသော်လည်း လုပ်သားများက သုံးစွဲမှု အားနည်းနေသကဲ့သို့ လုပ်ငန်းငယ်များတွင်မူ လုပ်ငန်းခွင် လုံခြုံရေး အတွက် ဆောင်ရွက်မှုမှာ မရှိသလောက်ဖြစ်နေဆဲ ဖြစ်သည်။ ခေတ်နှင့်စနစ်များ ပြောင်းလဲလာသော်လည်း ဘဝဝမ်းရေးအတွက် ဆောက်လုပ်ရေးလုပ်သား တို့မှာ နေ့စဉ်လုပ်ငန်းခွင်တွင် အသက်နှင့်ရင်းပြီး စွန့်စားနေကြရဆဲသာ။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties