By Myanmar Times, Shweproperty.com
Updated at 20 October 2015
ရန်ကုန်မြို့၏ လူဦးရေတိုးတက်မှု နှုန်းထားများကို လျှော့ချနိုင်ရန်နှင့် အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်းစီးပွားရေး လုပ်ငန်းများ တိုးတက်လာစေရန် အတွက် Urban network system (မြို့ပြကွန်ရက် စနစ်)ကို ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။
"ရန်ကုန်မှာ ကားတွေကျပ်တယ်၊ လူတွေများလာတာဟာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုရဲ့ ဒုက္ခလို့ပဲ ပြောရမလို ဖြစ်နေတယ်၊ရန်ကုန်မှာက တစ်စတုရန်းကီလိုမီတာမှာ ၇၂၃ ဦးပဲရှိသေးတဲ့ အချိန်မှာ နိုင်ငံတကာ မြို့ကြီးတွေက သောင်းဂဏန်းအထိရှိတယ်။ စီးပွားရေးအရ အားသာချက် ရှိနိုင်တဲ့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးကမြို့တွေရဲ့ အလားအလာတွေကိုကြည့်ပြီး အဲဒီမြို့တွေရဲ့စီးပွားရေး ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုသာ ဖြည့်ဆည်း တည်ဆောက်ပေးလိုက်မယ် ဆိုရင် ရန်ကုန်ကိုအရှိန်အဟုန်နဲ့ လူဦးရေ စီးဝင်နေတဲ့ ကိစ္စတွေကို အတိုင်းအတာ တစ်ခုထိ လျှော့ချရုံတင်မကဘူး။ နယ်မြို့တွေမှာပါ အလုပ် အကိုင်တွေ ပေါလာနိုင်တယ်။ အလား အလာကောင်းတဲ့ ၅၆ မြို့နယ်အတွက် လုပ်နေပါပြီ။ အမေရိကားမှာဆိုရင် မြို့တိုင်းမှာ စီးပွားရေးလုပ်ငန်းတွေရှိပြီး သူတို့လူဦးရေကို ထိန်းထားနိုင်တယ်။ မြို့တစ်မြို့က စီးပွားရေးလုပ်ငန်းတစ်ခုဟာ နောက်တစ်မြို့ကို ပြောင်းသွားမှာ ကိုကြောက်ကြတယ်။ ကျွန်မတို့ ကြောက်တာက ရန်ကုန်တစ်ခုတည်းကိုပဲ လူဦးရေ တိုးလာမှာစိုးတယ်။ ဒါတွေကိုလျှော့ချဖို့ အတွက်လည်း Secondary City တွေကို ဖော်ထုတ်ဖို့ လုပ်နေပါပြီ" ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် မြို့ပေါင်း ၃၃၀ ကျော် ရှိသည့်အနက် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကောင်း များရှိနိုင်သည့် မြို့ပေါင်း ၅၆ မြို့အတွက် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို မြှင့်တင် တည်ဆောက်နိုင်ရန်နှင့် မြို့များတစ်မြို့နှင့်တစ်မြို့ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို အပြန်အလှန် ချိတ်ဆက်လုပ်ကိုင်နိုင်မည့် မြို့ပြ ကွန်ရက်စနစ်ကို ရေးဆွဲကာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းတည်ဆောက် သွားရန် နိုင်ငံတော်က စီမံချက်များ ချကာ လုပ်ဆောင်လျက်ရှိသည်။
ဂျာမန်တက္ကသိုလ်မှ ပညာရှင်များနှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့ ပူးပေါင်းကာ စီးပွားရေးအခွင့်အလမ်းဖွံ့ဖြိုး တိုးတက်နိုင်သည့် မြို့ပေါင်း ၅၆ မြို့အတွက် Urban network system (မြို့ပြကွန်ရက် စနစ်) ကို ၂၀၁၃ ခုနှစ်မှ စတင်ကာ ရေးဆွဲခဲ့ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သိန်းနှင့် အထက်မြို့ပေါင်း ၁၂၀ ကျော်ရှိပြီး ရန်ကုန် မြို့တွင် တစ်စတုရန်းကီလိုမီတာအတွင်း နေထိုင်သူ ၇၂၃ ဦး၊ မန္တလေးမြို့တွင် တစ်စတုရန်းကီလိုမီတာ အတွင်း နေထိုင်သူ ၂၀၆ ယောက် လောက်သာရှိနေသဖြင့် နိုင်ငံ တကာရှိ မြို့တော်များ၏ လူဦးရေသိပ်သည်းမှု များနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေဆဲ ဖြစ်သည်။ "မြို့ပြ ကွန်ရက်စနစ်က မြို့တွေအကြား မှာ စီးပွားရေးဆိုင်ရာ အချိတ်အဆက်မိအောင် လုပ်ပေးဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် ရေးဆွဲထားတာပါ ၊ ဥပမာ မန္တလေးမြို့ဆိုရင် သူ့အနီးအနားက ကျောက်ဆည်၊ စစ်ကိုင်း၊ တံတားဦး၊ မတ္တရာ၊ မေမြို့တို့က ချိတ်ဆက် ထားဖို့လိုတယ်၊ စီးပွားရေးအရကော၊ သယ်ယူ ပို့ဆောင်ရေးအတွက်ပါ ချိတ်ဆက်ဖို့လိုတယ် " ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၂ ရက် တွင် ပြောသည်။
နယ်မြို့များတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ နည်းပါးခြင်းကြောင့်ရန်ကုန်မြို့ သို့ နှစ်စဉ်ပြောင်းရွှေ့အခြေချ အလုပ် လုပ်ကိုင်သူ လူဦးရေ ၃၃၀,၀၀၀ ကျော် ရှိနေပြီး အိမ်ရာ လိုအပ်ချက်မှာ တစ်နှစ်လျှင် အိမ်ခန်းပေါင်း ၇၅,၀၀၀ မှ ၁၀၀,၀၀၀ ကျော် အထိ လိုအပ်လျက် ရှိနေကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ခန့်မှန်းထား သည်။ "နာဂစ်ဖြစ်ပြီးနောက်တစ်နှစ်မှာ ဧရာ ဝတီတိုင်းဘက်ကလူတွေ ရန်ကုန်ကို အလုံး အရင်းနဲ့ ဝင်လာတယ်။ နှစ်စဉ်လည်း ပုံမှန်ဝင်နေဆဲဖြစ်တယ်။ ရန်ကုန်မှာလည်း အိမ်ရာ လိုအပ်ချက်မြင့်လာတော့ အိမ်ဈေးတွေတက် လာတဲ့အပြင် ကျုးကျော်ဆိုတာလည်း ပေါ်လာလို့ စနစ်တကျလုပ်ပေးဖို့တော့ လိုအပ်ပါ တယ်" ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
ဆောက်လုပ်ရေးဘက်က ဆွဲပေးထားတဲ့ မြို့ပြပုံစံတွေအပြင် ပြည်နယ်အစိုးရအနေနဲ့လည်း ဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာတွေ ရှိပါတယ်။ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ် မီးတွေအပြင် ဝန်ထမ်းအိမ်ရာတွေ၊ မြို့ကွက်ချဲ့ တာတွေကိုလည်း စည်ပင်သာယာရေး ကော်မတီနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက နိုင်ငံတော် ဘတ်ဂျက်အတွင်းကနေ လုပ်ပေးနေပါတယ်။ ကျေးရွာချင်းဆက် လမ်းတွေ၊ ခရိုင် ချင်းဆက် လမ်းတွေကိုလည်း အစိုးရအဖွဲ့ရဲ့ ငွေကြေးတွေအပြင် ကိုယ်ထူကိုယ် ထစနစ် တွေနဲ့ လုပ်ပေးနေပါတယ်။ဘားအံစက်မှုဇုန် ကတော့ အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ အကောင် အထည်ဖော်နေတာပါ။ အပြည့်အ၀ ၁၀၀ ရာခိုင်နှုန်းဖြစ်ဖို့တော့ အချိန်လိုအပ်ပါသေးတယ်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဖို့ကတော့ အချိန်တွေ၊ ငွေကြေး အရင်း အမြစ်တွေ အများကြီး ယူလုပ် ရဦးမှာဖြစ်ပါတယ်။ ဘားအံနဲ့ မြဝတီမြို့ကြီး တွေကိုလည်း စနစ်တကျ လုပ်ပါတယ်။ ရန်ကုန် တက် အလုပ်လုပ်တာ၊ ပြည်ပထွက် အလုပ် လုပ်တာတွေကို လျှော့ချပြီး ဒေသတွင်းမှာ အလုပ်အကိုင်တွေ၊ စက်မှုလုပ်ငန်းတွေ ဖြစ်ဖို့ ကတော့ တော်တော် အချိန်ယူရဦးမှာဖြစ်ပါတယ်" ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးစောကြည်လင်းက အောက်တိုဘာ ၁၉ ရက်တွင် ဖြေကြားသည်။
Ref : Myanmar Times
Photo Credit : Feyecon
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties