By Myanmar Builders Guide, Shweproperty.com
Updated at 6 March 2019
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် Pre-Project Document (PPD) ရေးဆွဲရန် ရွေးချယ်ခံရသည့် China Communications Construction (CCCC) ကုမ္ပဏီသည် မြေဧရိယာအားလုံးကိုရရှိမည်ဟု ပြောဆိုသုံးသပ်နေခြင်းမှာ မှားယွင်းနေကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) CEO ဦးသိမ်းဝေက ၎င်း၏ အပတ်စဉ်စာစဉ် (၂၂) မှ ပြန်လည်ရှင်းလင်းခဲ့သည်။
ရန်ကုန်မြို့သစ်ပထမအဆင့်၏ မြေဧရိယာစုစုပေါင်း ၉ဝ စတုရန်းကီလိုမီတာတွင် တင်ဒါအောင်ကုမ္ပဏီနှင့် NYDC တို့က ပူးပေါင်းလုပ်ဆောင်မည့် joint venture company (JV) အနေဖြင့် ရရှိမည့် မြေဧရိယာစုစုပေါင်း ၂၈ စတုရန်းကီလိုမီတာသာရှိကြောင်း ဦးသိမ်းဝေက ပြောသည်။
'' အဲဒီ ၂၈ စတုရန်းကီလိုမီတာထဲမှာ စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနဲ့ လူနေထိုင်မှုဧရိယာအပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ အစရှိတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့တော်စည်ပင်လုပ်ငန်း တွေအတွက် အသုံးပြုဖို့လိုအပ်တဲ့မြေပါဝင်မှာဖြစ်ပါတယ်။ လက်ရှိကျေးရွာတွေ၊ အများပြည်သူတွေ အနားယူအပန်းဖြေနိုင်မယ့် ပန်းခြံတွေက ၂၈ ဒသမ ၆၅ စတုရန်းကီလိုမီတာရှိပါတယ်။ ကျန်ရှိနေတဲ့ ၃၃ ဒသမ ၃၅ စတုရန်းကီလိုမီတာဟာ ရန်ကုန်မြို့သစ်ပထမအဆင့် စုစုပေါင်းမြေ ဧရိယာရဲ့ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး NYDC ရဲ့ပိုင်ဆိုင်မှုအဖြစ် ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။ အဲဒီစတုရန်းကီလိုမီတာထဲမှာမှ ၁၉ ဒသမ ဝ၆ စတုရန်း ကီလိုမီတာကို ပြန်လည်နေရာချထားရေးမြို့ငယ် ၅ ခုအတွက် အသုံးပြုသွားမှာဖြစ်ပါတယ် ''ဟု ၎င်းက ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ထုတ် Eleven Media ၏ '' ရန်ကုန်မြို့ သစ်စီမံကိန်း၊ တရုတ်ရဲ့ CCCC နဲ့ မြန်မာပြန်ရမယ့် အကျိုးအမြတ ်'' ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် ဖော်ပြထားသည်မှာ ရန်ကုန်မြို့သစ်ဧရိယာ၏ မြေတဧကတန်ဖိုး ကျပ်သိန်း ၃ဝဝ ကို သီလဝါ၏မြေတဧက တန်ဖိုးကျပ်သိန်း ၃ဝဝဝ ဖြင့် နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံအတွက် အင်မတန်နစ်နာမည့် အခြေအနေတခုဟုဖော်ပြထားပြီး မြေတန်ဖိုးကို ၁ စတုရန်းမီတာကို ၅ ဒေါ်လာ တန်ဖိုးသတ်မှတ်ခြင်းသည် မြေကိုဈေးပေါပေါဖြင့် မဖြစ်သင့်သည့်ဈေးနှုန်းဖြင့် တန်ဖိုးဖြတ်လိုက် သည်ဆိုသောအချက်နှင့် နိုင်ငံအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်စေသည်ဆိုခြင်းမှာ မှားယွင်းနေကြောင်း ဦးသိမ်းဝေက ပြောသည်။
'' အခုမြို့သစ်ဧရိယာကမြေဟာ လယ်မြေဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ တဧကသိန်း ၃ဝဝ တန်ဖိုးမရှိပါဘူး။ ဥပမာအားဖြင့် ပြန်လည်နေရာချထားရေးအတွက် မြို့သစ်မြေအစား ငွေကြေးလျော်ကြေးရလိုသူတွေအတွက် တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားတဲ့တန်ဖိုးဟာ တဧကကို ကျပ်သိန်း ၁ဝဝ ပဲရှိပါတယ်။ ဒီလယ်မြေတွေဟာ နောင်တချိန်မှာ တဧကတန်ဖိုးကျပ်သိန်း ၃ဝဝဝ ဖြစ်လာနိုင်တယ်ဆိုတာအမှန်ပါပဲ။ ဒါပေမဲ့ ဒီဈေးဟာ အခြေခံအဆောက်အအုံတွေဆောက်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာပြီးမှသာ ဖြစ်လာနိုင်တဲ့တန်ဖိုးပါ''ဟု ၎င်းက ပြောသည်။
အဆိုပါမြေများကို joint venture company ၏ပိုင်ဆိုင်မှုအဖြစ် တန်ဖိုးမဲ့ထည့်ဝင်လိုက်ခြင်းမဟုတ်ဘဲ NYDC ၏ ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး ၂၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ထည့်ဝင်လိုက်ခြင်းဖြစ်ကြောင်း၊ CCCC (သို့မဟုတ်) တင်ဒါနိုင်သည့်အဖွဲ့အနေဖြင့် ၇၅ ရာခိုင်နှုန်းသော ရှယ်ယာတန်ဖိုးရရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံရင်းနှီးမြှုပ်နှံရန်လိုကြောင်း၊ ယင်းအတွက် မြေတန်ဖိုးသည် ၁ စတုရန်းမီတာကို ၅ ဒေါ်လာတန်ဖိုးမဟုတ်ဘဲ ထို့ထက်အများကြီးပိုမိုကြောင်း ဦးသိမ်းဝေက ရှင်းပြသည်။
ယင်းအပြင် Internal Rate Of Return (IRR) ကို ရင်းနှီးမြှုပ်နှံသူတွေကို ပေးလိုက်ရသည့် အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဟု သုံးနှုန်းထားခြင်းသည် မှားယွင်းသည့် အသုံးအနှုန်းဖြစ်ပြီး IRR ဆိုသည်မှာ ရင်းနှီးမြှုပ်နှံမှုတခုတွင် သတ်မှတ်ထားသည့်သက်တမ်းတခုအတွင်း ရင်းနှီးထားသည့် ကုန်ကျစရိတ်အကုန်လုံးအပေါ်တွင် ပြန်လည်ရရှိမည့် ရာခိုင်နှုန်းကိုဆိုလိုခြင်းဖြစ်ကြောင်း ဦးသိမ်းဝေက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ အများပြည်သူ ပိုမိုရှင်းလင်းတိကျစွာသိရရှိနိုင်ရေးအတွက် Town Hall ဆွေးနွေးပွဲတခုကို မတ်လ ၄ ရက်နေ့၊ ညနေ ၅း၃ဝ မှ ရး၃ဝ နာရီအထိ UMFCCI တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties