By 7daydaily, Shweproperty.com
Updated at 4 March 2016
ဒေါ်လာ အရွက်စိမ်းတစ်ရွက်၏ တန်ဖိုးသည် လက်ရှိအချိန်နိုင်ငံရေး အလှုပ်အခတ်ပေါ်တွင် ဈေးနှုန်းအပြောင်းအလဲများ ကြုံတွေ့နေရသည်။ ၂၀၁၅ တွင် ပါတီခေါင်းဆောင် အပြောင်းအလဲဂယက်၊ ရွေးကောက်ပွဲအချိန် ရွှေ့ဆိုင်းနိုင်သည်ဟု ကောလာဟလဂယက်၊ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ တွေ့ဆုံဆွေးနွေးမှုဂယက်များ အပေါ်မူတည်၍ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ပြင်ပဈေးကွက်၌ အပြောင်းအလဲ ဖြစ်နေခဲ့သည်။
နိုင်ငံရေးအခြေအနေကြောင့် ငွေလဲနှုန်းအပြောင်းအလဲမြန်ဆန်ခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး ထိလွယ်ရှလွယ်ဖြစ်လာခြင်းသည် ဗဟိုဘဏ်တွ င် နိုင်ငံခြားအရန် ငွေနည်းပါးခြင်း၊ ငွေကြေးကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်များက ကျပ်ငွေအပေါ် ယုံကြည်မှု နည်းပါးခြင်းတို့ကြောင့်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်နေကြသည်။
ငွေလဲနှုန်း တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်၏ အခန်းကဏ္ဍသည်များစွာအရေးကြီးကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။ မြန်မာနိုင်ငံတွင် တရားမဝင်ငွေကြေးဈေးကွက်သည် ကြီးမားနေပြီး နေ့စဉ်ရောင်းဝယ်နေသည့် ပမာဏမှာ ဗဟိုဘဏ်၌ရှိသော နိုင်ငံခြားအရန် ငွေထက်များပြားနေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေပမာဏသည် ၂၀၁၅ နှစ် ကုန်အထိ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်သာရှိကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်က ပြောသည်။
‘‘အခုအခြေအနေက တရားမဝင်ဈေးကွက်ရဲ့ ဦးဆောင်မှုနောက်ကိုပဲ ဗဟိုဘဏ်က လိုက်နေရတဲ့ပုံစံမျိုး ဖြစ်နေတယ်’’ ဟု မြန်မာအရှေ့ တိုင်းဘဏ် ဥက္ကဋ္ဌ ဦးမြသန်းက ပြောကြားသည်။
ဒေါ်လာတန်ဖိုးတက်ခြင်း၊ ငွေတန်ဖိုး မတည်ငြိမ်ခြင်းနှင့် ပတ်သက်၍ ဗဟိုဘဏ်အပေါ် ဝေဖန်မှုများစွာရှိသည်။ ၂၀၁၃ တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေထုတ်ပြန်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှ သီးသန့်ဖယ်ထုတ်၍ လွတ်လပ်စွာ ရပ်တည်ခွင့်ပေးထားသည်။ ငွေကြေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေး ပေါ်လစီများကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားသည်။
‘‘လက်ရှိဗဟိုဘဏ်က သမ္မတရုံးနဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတယ်။ ဒါကို ပြောင်းလဲနိုင်ဖို့လိုတယ်’’ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဦးရဲမင်းဦးက ဆိုသည်။
ဗဟိုဘဏ်သည် နိုင်ငံ၏ ငွေကြေးမူဝါဒနှင့် ပတ်သက်၍ အဓိက အကောင်အထည်ဖော်ရသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဗဟိုဘဏ်၏ လွတ်လပ်စွာလုပ်ကိုင်နိုင်မှုနှင့် အရည်အချင်းသည် မြန်မာ့ငွေကြေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများအတွက် လွန်စွာအရေးပါနေသည်။
သို့သော် ဗဟိုဘဏ်၏ ရပ်တည်မှုသည် သမ္မတရုံးက လွှမ်းမိုးထားသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ ၂၀၁၅ ဇွန်လတွင် ကြုံတွေ့ခဲ့ရသည့် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန်တင်မြင့်တက်မှုကို ထိန်းချုပ်ရာ၌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဦးဆောင်ကာ ဆုံးဖြတ်ချက်များချခဲ့ကြောင်း၊ စက်သုံးဆီ၊ စားအုန်းဆီကုန်သည်များအား ဒေါ်လာရောင်းချပေးမှုမှာလည်း သမ္မတရုံးဝန်ကြီး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ထိုအချိန်က အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် သီးသန့်ရပ်တည်ခွင့်ပြုနေပြီးနောက် လုံခြုံရေးကို အကြောင်းပြပြီး ကျပ်ငွေ ငါးထောင်တန်အသစ်၊ ကျပ်တစ်သောင်းတန် အသစ်များ ထပ်မံရိုက်ထုတ်မှုသည် အစိုးရ၏ ကြိုးကိုင်မှုအောက်တွင်သာ ဆက်ရှိနေခြင်းဟု စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်သည်။ လက်ရှိအစိုးရသည် ဘတ်ဂျက်တွင် ဝင်ငွေထက် သုံးငွေများသဖြင့် လိုငွေမှာ တစ်နှစ်ထက်တစ်နှစ် များပြားလာသည်။
ဘတ်ဂျက် လိုငွေများအတွက် အစိုးရ၏ ဖြေရှင်းမှုမှာ ငွေစက္ကူရိုက်ထုတ်ခြင်းသာ ဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ပြောသည်။ ငွေရိုက်ထုတ်မှုကြောင့် ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု မြင့်တက်လာသည်။ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် ပတ်သက်၍လည်း ဗဟိုဘဏ်က ထိန်းညှိပေးရန် မလုပ်ဆောင်သည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌက သတင်းမီဒီယာများအား ပြောကြားထားသည်။ အဆိုပါ ပြောကြားချက်နှင့် ပတ်သက်၍လည်း စီးပွားရေးပညာရှင်အချို့က ဗဟိုဘဏ်သည် အစိုးရ၏ လက်ကိုင်တုတ်သဖွယ်ရှိနေသေးသည်ဟု ဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ၂၀၁၃ တွင် ဘဏ္ဍာရေးဝန်ကြီး ဌာနမှခွဲထုတ်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများသည် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများနှင့် အဆင့်အတူတူပင် ဖြစ်သည်။ ဗဟိုဘဏ်၏ ဥက္ကဋ္ဌသက်တမ်းမှာ ငါးနှစ်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေတွင် ဖော်ပြထားသည်။
ထို့အပြင် ဗဟိုဘဏ်ဥပဒေတွင်လည်း ငွေကြေးမူဝါဒချမှတ် အကောင်အထည်ဖော်ခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့် စီမံခန့် ခွဲခြင်း၊ ပြည်တွင်းသုံးငွေများ ထုတ်ဝေခြင်းစသည့် တာဝန်များနှင့် လုပ်ပိုင်ခွင့်များရှိနေသည်။
ဗဟိုဘဏ်သည်နိုင်ငံအတွင်း နိုင်ငံခြားငွေဖြင့် ရောင်းဝယ်ခြင်းများကို ၂၀၁၅ အောက်တိုဘာ ၁၉ ရက်မှစ၍ ရပ်ဆိုင်းရန် စီစဉ်ခဲ့သည်။
Ref : 7daydaily
Photo Credit : myanmarupdate
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties