By Messenger, Shweproperty.com
Updated at 24 November 2015
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အစိုးရသစ် အနေဖြင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသည်။
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုသည် နိုင်ငံ တစ်နိုင်ငံ၏ နောက်ခံ ကျောရိုး တစ်ခုဖြစ်ပြီး၊ နိုင်ငံ တစ်နိုင်ငံ၏ အခြားသော ဖွံ့ဖြိုးမှု လှေကားထစ်များကို တက်လှမ်းနိုင်ရန် အဓိက ကျကြောင်း သိရပါသည်။
''အခြေခံ အဆောက်အအုံ ဆိုတဲ့နေရာမှာ လမ်းတံတား အဆောက်အအုံတွေ အပြင် လျှပ်စစ်ဓာတ်အား စွမ်းအင် ထုတ်စနစ်တွေ၊ သယ်ယူ ပို့ဆောင်ရေးတွေနဲ့ ဈေးနှုန်းသင့်တင့် မျှတပြီး ကွာလတီကောင်းတဲ့ အိမ်ရာတွေ ပါဝင်နေပါတယ်။
ဒီကဏ္ဍတွေကိုသာ မြှင့်တင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် နိုင်ငံဖွံ့ဖြိုးမှုကိုပါ မြှင့်တင်ရုံ သာမက မြန်မာနိုင်ငံဟာ အအောင်မြင်ဆုံး နိုင်ငံတစ်ခု အထိ ဖြစ်သွားနိုင်ပါသည်။
နိုင်ငံ တစ်နိုင်ငံ၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုများ အပေါ်တွင် ရင်းနှီးမြှပ်နံှမှု ပြုလုပ်ခြင်းသည် နိုင်ငံ အနာဂတ် ဖွံ့ဖြိုးမှုကို ရင်းနှီးမြှပ်နံှခြင်း ဖြစ်ပြီး၊ ယခုတက်လာမည့် အစိုးရ အနေနှင့်လည်း ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများကို အာရုံစိုက်ရမည် ဖြစ်သော်လည်း၊ နိုင်ငံအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှုသည်လည်း အလွန်အရေးကြီးကြောင်း ၎င်းက ဆက်ပြောသည်။
''မြန်မာနိုင်ငံမှာ အိမ်တွေ အများကြီး လိုနေပါသေးတယ်။ ကျူးတွေကိုရှင်းပြီး နေရာချထားပေးရဦးမယ်။ လိုတဲ့ အိမ်ရာတွေ အတွက်ကို စီမံကိန်းတွေ စနစ်တကျ ရေးဆွဲပြီးတော့ လူအများ အဆင်ပြေနိုင်မယ့် အထိ အခု ဆောင်ရွက်နေတဲ့ အငှားအိမ်ရာမျိုးတွေကို ဖြေရှင်းတဲ့ ပုံစံမျိုးတွေ များများ လုပ်ပေးရဦးမယ်'' ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
ထို့အပြင် လက်ရှိ အိမ်ရာများ ဖော်ထုတ်ပြီး၊ ပြီးဆုံးအောင် အကောင်အထည် မဖော်နိုင်သေးသည့် အိမ်ရာများကို အမှန်တကယ် လူနေထိုင်၍ ရသည့် အခြေအနေ ဖြစ်အောင် ဆက်လက် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
''ဥပမာ- ဒဂုံအရှေ့တို့ ၊ ဒဂုံဆိပ်ကမ်းတို့မှာ အိမ်ရာတွေ ချထားပေးပြီး၊ မြေကွက်တွေ ဖော်ထားပေး ပြီးတော့ ကွင်းပြင်ကြီး ဖြစ်နေတဲ့ လူမနေ အလကား ဖြစ်နေတာ၊ ဒါတွေကို စနစ်တကျ ပြန်လည် ဖော်ထုတ်ပေးရမှာ'' ဟု ဦးသန်းဦးက ထပ်လောင်း ပြောကြားသည်။
၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သော The Richest ဝက်ဘ်ဆိုက်၏ အစီရင်ခံစာတွင် ကမ္ဘာ့အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု အနိမ့်ပါးဆုံး (၁၀) နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့သည်။
''မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်ရင်တော့ အရင်ဆုံး လုပ်ရမှာက လျှပ်စစ်ကဏ္ဍပါပဲ။ Technology တွေကို အခြေခံထားတာက လျှပ်စစ်နဲ့ အခြေခံထားတာကိုး။ အခုကို ဓာတ်အားလိုင်း သုံးတဲ့နေရာမှာတောင်မှ ကိန်းဂဏန်း မဖော်ပြဘဲ သုံးနေတဲ့ ဓာတ်အားလိုင်းတွေ ရှိတယ်။
အဲဒါလေးတွေ ကျွန်တော်တို့ စုစည်းလိုက်ရင် ဒီဘက်က Power ဓာတ်အားလိုင်း ကိစ္စတွေ အဆင်ပြေလာလိမ့်မယ်။ ပြီးတော့ လိုအပ်တဲ့ ပါဝါကိုကျတော့ သဘာ၀ ဓာတ်ငွေ့နဲ့ပဲ လုပ်မလား၊ အခြား စီမံကိန်းတွေနဲ့ လုပ်မလား၊ အဲဒါမျိုးတွေနဲ့ အခြေခံ အဆောက်အအုံကို အရင် လုပ်ရမယ်'' ဟု ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။
ထို့အပြင် နိုင်ငံတကာ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ နှစ်ရှည် ချေးငွေများနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နံှမှုများကို ကြီးမားသည့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှပ်နံှပါက မိုမို ထိရောက်လာမည် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
Ref : Messenger
Photo Credit : Messenger
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties