By ရဲမွန် နှင့် မြတ်ငြိမ်းအေး, Shweproperty.com
Updated at 28 August 2014
ရန်ကုန်မြို့တွင် နေထိုင်သည့် လူဦးရေ တိုးတက်များပြားလာခြင်းကြောင့် မြို့သစ်ချဲ့ထွင်ရန် ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ က တိုင်းဒေသကြီးလွှတ်တော်သို့ ဩဂုတ်လ ၂၂ ရက်နေ့က သဝဏ်လွှာပေးပို့ကာ အသိပေး လိုက်ပြီးနောက်ပိုင်း မြို့သစ်ချဲ့ထွင်မည့် စီမံကိန်းတွင်ပါဝင်သည့် မြို့နယ်များရှိ လယ်မြေများမှာ ဈေးများအဆမတန်မြင့်တက် လာကြောင်း ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့၏ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ ဪ တွံတေး ကားလမ်းကြား မြေနေရာများတွင် အကောင်အထည်ဖော်ရန် လျာထားပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များအတွင်း တည်ရှိ ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပြည်တွင်း သတင်းစာများ တွင်ဖော်ပြသည့် သတင်းအချက်အလက်များကြောင့် စီမံကိန်းတွင် ပါရှိသည့် အချို့မြို့နယ်အတွင်းရှိလယ်မြေ များမှာ မြေယာဝယ်ရောင်း လုပ်ကိုင်သူများ နှင့် ရင်းနှီးမြှုပ်နှံလိုသူများက ဝယ်ယူရန် စိတ်ဝင်စားလာမှုများကြောင့် ဈေးများ နေ့ချင်း ညချင်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြပန်း သခင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုမင်းမင်းစိုးက ပြောသည်။
"သတင်းတွေ ထွက်လာပြီးတဲ့နောက်မှာ ဒလမြို့နဲ့ တွံတေးကြားမှာရှိတဲ့ ဘုရားငုတ်တို ရွာကလယ်မြေတွေမှာ လာကြည့်ကြတဲ့သူ တွေ အများကြီးပဲ။ အဲဒီဘက်ကလယ်တွေက လည်း ချက်ချင်းကိုဈေးတက်သွားတယ်။ အတွင်းပိုင်းကလယ်ဆို တစ်ဧက သိန်း ၇၀ လောက်ကနေ ၁၅၀ဖြစ်သွားပြီး လမ်းမတန်း ဘေးကတော့ သိန်းထောင်ချီသွားပြီ။ ဒီရက် ထဲတော့ စီမံကိန်းမှာပါတဲ့ တခြားမြို့နယ်တွေ မှာ ဝယ်ရောင်းသမားတွေ လုပ်ငန်းရှင်တွေ ပြန့်ကုန်ပြီ" ဟု ၎င်းက ပြောသည်။
လက်ရှိတွင်လည်း မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့်တည်နေရာများကို အတည် အကျမသိရသေးသည့်အတွက် မြေအရောင်းအဝယ်များမှာ အိမ်ခြံမြေဈေးကွက်အတွင်း တရားဝင်မဖြစ်ပေါ်သေးသော်လည်း ဒေသခံပွဲစားများနှင့် ဝယ်ရောင်းလုပ်ကိုင်လိုသူများ ကြားတွင်သာ အရောင်းအဝယ်အနည်းငယ် ဖြစ်ပေါ်လျက်ရှိကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ဈေးကွက်မန်နေဂျာ ကိုဟိန်းဇံက ပြောသည်။
မြေဧက ၃၀,၀၀၀ ကျော်ရှိသည့် ရန်ကုန် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့် ပေးအပ်ထားကြောင်း ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင်ပါရှိသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီး အစိုးရ သည် အဆိုပါအများပိုင် ကုမ္ပဏီလီမိတက် ကို လုပ်ကိုင်ခွင့်ပေးရန် မည်သို့ရွေးချယ်ခဲ့ သည်ဆိုသည့်အကြောင်းနှင့် နှစ်ဦးနှစ်ဖက် သဘောတူထားသည့်စာချုပ်တွင် ကုမ္ပဏီဘက်မှ အကျိုးခံစားခွင့် မည်မျှရရှိမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
"ကုမ္ပဏီတွေကို တင်ဒါခေါ်ပြီးရွေးတယ်လို့ မကြားမိဘူး။ အဲဒါကြောင့် ဒီကုမ္ပဏီကို ဘယ်လိုရွေးလဲဆိုတာ ပြောပြသင့်တယ်"ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။ အဆိုပါစီမံကိန်းမြေနေရာတွင် လယ်မြေများလည်း ပါဝင်နေသောကြောင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သည် လယ်ယာမြေဥပဒေ ပုဒ်မ ၂၉ အရ နိုင်ငံတော်၏ ရေရှည် အမျိုးသား အကျိုးစီးပွားအလို့ငှာ လယ်ယာမြေကို အခြား နည်းဖြင့်အသုံးပြုရန် ပြည်ထောင်စုအစိုးရထံ က ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် က အသိပေးပြောဆို ပြီးဖြစ်သည်။
ဝန်ကြီးချုပ်၏သဝဏ်လွှာတွင် ဖော်ပြ ထားချက်အရ ရန်ကုန်မြို့သစ် စီမံကိန်းပြီးစီးပါက လုပ်ကိုင်ခွင့်ရရှိထားသောကုမ္ပဏီ သည် အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ အခန်း ပေါင်းနှစ်သောင်း၊ မိဘမဲ့ကလေးဦးရေ ၂,၀၀၀ ဆံ့ အဆင့်မြင့်ကျောင်းတစ်ကျောင်း၊ အဘိုး အဘွားဦးရေ ၂,၀၀၀ဆံ့ အဆင့်မြင့်ရိပ်သာတစ်ဆောင်၊ တံတားဖြတ်သန်းကြေး လုံး၀ ကောက်ခံခြင်းမပြုဘဲ အခမဲ့ဖြတ်သန်းခွင့်ပြု မည့် ခြောက်လမ်းသွား မြစ်ကူးတံတား ခြောက်စင်း စသည်တို့ကို အစိုးရထံ အလှူ အဖြစ် ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။
စီမံကိန်းတွင်ပါဝင်သည့် မြို့နယ်များ သည် ရန်ကုန်မြို့တော်စည်ပင်သာယာနယ် နိမိတ်တွင်မပါဝင်ဘဲအဆိုပြုချက်များမှာ လည်း ကော်မတီက တင်သွင်းခြင်းမဟုတ် ကြောင်း မြို့ပြစီမံကိန်းဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
Ref : MM Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties