By The Kumudra, Shweproperty.com
Updated at 21 January 2015
အိမ်ငှားခဈေးမြင့်မားမှုတွေကြောင့် စပေါ်သီးသန့် ပေးပြီး အိမ်အငှားဈေးကွက် ငှားရမ်းသူ များပြားနေတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
စပေါ်သီးသန့်ဈေးကွက်က စပေါ်ငွေကို ကျပ်သိန်း ၃၀၊ သိန်း ၄၀ ပေးပြီး အိမ်လခမပေးရတဲ့ ငှားရမ်းမှုတွေ ဖြစ်ပါတယ်။ အိမ်ငှားသူအိမ်ရှင်က တချို့အိမ်တွေကို သည်လိုစပေါ်ငွေများများနဲ့ ငှားရမ်းပြီး စီးပွားရေးလုပ်ကိုင်တာမျိုးတွေ ဖြစ်ပါတယ်။ သည်လိုမျိုး ငှားရမ်းမှုကို မြို့ထဲပိုင်း တာမွေ၊ ကျောက်မြောင်း၊ မင်္ဂလာတောင်ညွန့် စတဲ့ မြို့နယ်တွေ အများဆုံးငှားကြတာဖြစ်ပြီး သည်လိုငှားရမ်းမှုကို စိတ်ဝင်စားသူလည်း ရှိတယ်လို့ သိရပါတယ်။
"အခု အိမ်ဈေးတွေက အရမ်းတက်တော့ ကျပ်သိန်း၅၀လောက်နဲ့ မြို့ထဲပိုင်းမပြောနဲ့ မြို့ပြင်တောင်မရဘူး၊ စပေါ်အများကြီးပေးရပေမယ့် ကိုယ့်ငွေက မဆုံးတော့ ဒီအိမ်ကပြောင်းလဲ ငွေကလျော့မသွားဘူးဆိုတော့ နေရတာကိုက်တယ်"လို့ ကျောက်မြောင်းမှာ အိမ်ငှားနေထိုင်တဲ့ မမြသက်မူက ပြောပါတယ်။
သည်လိုစပေါ်သီးသန့် အငှားဈေးကွက်ဟာ အရင်ကတည်းက ငှားရမ်းမှုတွေရှိနေပေမယ့် အခုနောက်ပိုင်းမှာ အိမ်ငှားစရိတ်တွေ မြင့်တက်လာမှုကြောင့် ပိုမိုငှားရမ်းလာကြာတာဖြစ်ပါတယ်။ သည်လိုငှားရမ်းမှုပြုလုပ်ရာမှာ အိမ်သားနည်းတဲ့မိသားစုတွေကိုသာ ငှားရမ်းကြတာဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ခြင်း မပြုနိုင်တဲ့ လေးလွှာမှ ရှစ်လွှာအထပ်တွေကိုသာ ငှားရမ်းကြတာဖြစ်ပါတယ်။
တာမွေအာသောကမှတ်တိုင်အနီးမှာ အခန်းငှားတဲ့ အိမ်ပိုင်ရှင်တစ်ဦးကလည်း "သူတို့ဘက်ကလည်း ကိုက်သလို ကိုယ့်ဘက်ကလည်း အဆင်ပြေတယ်၊ ကိုယ်က မဖယ်ခိုင်းမချင်း ဒီငွေနဲ့ စီးပွားရေးလုပ်လို့ရတယ်၊ အိမ်ငှားလို့ရတဲ့ ငွေထက် စီးပွားရေးလုပ်ရင် ပိုအကျိုးအမြတ်ထွက်တယ်"လို့ ပြောပါတယ်။
သည်လိုစပေါ်ငွေ အဆမတန်မြင့်မားပြီး အိမ်ငှားခမပေးရတဲ့ ဈေးကွက်ဟာ ယခုနောက်ပိုင်း အိမ်နဲ့မြေဈေးတွေ အဆမတန်မြင့် တက်လာတာကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကတော့ လူလတ်တန်းစား အိမ်ငှားအများစု ပြုလုပ်ငှားရမ်းကြတာဖြစ်ပြီး စာချုပ်ချုပ်ဆိုမှုကိုလည်း တစ်နှစ်ချင်းမဟုတ်ပဲ နှစ်နှစ်၊ သုံးနှစ်ချုပ်ဆိုတာမျိုးတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
"မြို့တွင်းပိုင်းကျတော့ ငွေတတ်နိုင်တဲ့သူများလို့ ဒီလိုငှားကြတာ၊ နှစ်ဦးနှစ်ဖက် အကျိုးရလို့လုပ်ကြတယ်၊ ဒါကလဲ အိမ်ခန်းတစ်ခန်းတည်း ငှားတဲ့သူမျိုးထက် အခန်းအများကြီးပိုင်တဲ့သူတွေက ပြုလုပ်ကြတဲ့ဈေးကွက်ပါ"လို့ မြို့ထဲပိုင်းက အိမ်ခြံမြေအကျိုးဆောင် အန်တီချိုက ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties