By 7daydaily, Shweproperty.com
Updated at 16 March 2016
ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သော လယ်မြေအများစုသည် တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ စီမံကိန်း ဧရိယာ အတွင်းရှိ လယ်သမားအများစုသည် ကုမ္ပဏီမှပေးမည့် လျော်ကြေးကို စောင့်ဆိုင်းရယူလိုခြင်း မရှိ၍ ဝယ်ယူလို သူ လာရောက်သည်နှင့် ချက်ချင်း ရောင်းချနေသည့် အခြေအနေ များ ဖြစ်ပေါ်နေကြောင်း ကြည့် မြင် တိုင်တစ်ဖက်ကမ်း တမာတကောရွာမှ လယ်မြေလေးဧက ပိုင်ရှင် ဦးစောလှထွန်းကပြောသည်။
‘‘စီမံကိန်း ကျိန်းသေသွားတော့ လာပြီး ဝယ်ရဲသွားကြတယ်။ ရွာသားတွေ တော်တော်များများ လက်ထဲမှာ လယ်မြေတွေ နည်းလာပြီ’’ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့သစ်စီမံကိန်း စတင်မည့် မြေဧက သုံးသောင်းကျော်တွင် ရွာပေါင်း ၂၀ ကျော်ရှိသည်။ အမှန်တကယ် လယ်လုပ်သော လယ်သမား အနည်းငယ် ရှိသည့် ရွာ ၁၂ ရွာသာ ကျန်ရှိကြောင်း ရန်ကုန်အနောက်တောင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သန့် ကပြောသည်။
‘‘ရွာတော်တော်များများက နာဂစ်ပြီးကတည်းက လယ်တွေ မလုပ်တာ တော်တော်များလာတာ’’ဟု ၎င်းကဆိုသည်။
အလတ်ချောင်း၊ တမာတကောနှင့် ဝါးရုံဆိပ်ကျေးရွာများတွင် လယ်မြေဝယ်ယူသူများ နေ့စဉ်ရှိနေပြီး အချို့မှာ လူနေအိမ် အိမ်အများစုကိုပင် ဝယ်ယူရန် စုံစမ်းမေးမြန်းမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
‘‘ကုမ္ပဏီဘက်က လျော်ကြေးအဖြစ် လယ်တစ်ဧကကို ၄၄×၁၀၀ ပေ ဖွံ့ဖြိုးပြီး မြို့ပြဂရန်မြေနှစ်ကွက် ဓာတ်လှေကားပါ တိုက်ခန်းတစ်ခန်းရမယ် ဆိုပေမယ့် ငွေမြန်မြန် ပေါ်စေချင်လို့ တချို့က တော်တော်များများ ရောင်းပြီးပြီ’’ဟု တမာတကောရွာမှ လယ်သမားတစ်ဦးက ဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းဝင်မြေနေရာများကို မြေသိမ်းမိန့် ထုတ်ပြန်ထားသဖြင့် ဒေသခံများက လျော်ကြေးမရမည်ကို စိုးရိမ်၍ အမြန်ဆုံး ထုတ်ရောင်းနေကြသည်များလည်း ရှိကြောင်း ၎င်းက ဆိုသည်။
မြေသိမ်းအမိန့် ထုတ်ပြန်ခြင်းသည် အစိုးရဘက်က မြို့မြေအဖြစ် သတ်မှတ်ရန်လုပ် ထုံးလုပ်နည်းအရသာ လုပ်ဆောင်ခြင်း ဖြစ်ပြီး ဒေသခံများနှင့် ကုမ္ပဏီများအကြား သတ်မှတ်ထားသည့် လျော်ကြေးရရှိရန် သဘောတူ ထားကြောင်း ရန်ကုန်အနောက်တောင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးက ရှင်းပြသည်။
ရန်ကုန်မြို့သစ်စီမံကိန်းဝင် လယ်ပိုင်ရှင် လယ်သမားတစ်ဦးလျှင် တိုက်ခန်း တစ်ခန်းနှင့်၄,၄၀၀ စတုရန်းပေ အကျယ် မြေနှစ်ကွက် လျော်ကြေးပေးရန် ကုမ္ပဏီနှင့် ညှိနှိုင်းမှုရရှိထားကြောင်း ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကနဦးသတင်းများ ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စီမံကိန်းဝင်လယ်မြေများ အရောင်းအဝယ်ကြီးထွားနေချိန်တွင် အစိုးရဘက်မှ မြို့မြေ မှတ်ပုံတင်ခြင်းမျိုးကို မြန်ဆန်စွာ ပြုလုပ်စေခြင်း၊ ကုမ္ပဏီများဘက်က လယ်မြေများကို ဈေးဖြတ်ဝယ်ယူလာနိုင်ခြင်း တို့ရှိနိုင်၍ မြေယာ ကိစ္စကို စနစ်တကျ စီမံခန့်ခွဲသင့် ကြောင်း မြို့ပြ စီမံကိန်းပညာရှင် ဦးဝင်းမြင့်က ဆိုသည်။
အဆိုပါစီမံကိန်းတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီသုံးခုက ရန်ကုန်နှင့် လမ်းပန်းဆက်သွယ် ရေး မြန်ဆန်စေရန် တံတားငါးစင်းနှင့် လူနေတိုက်ခန်း သုံးသောင်းကျော် ပါဝင်မည်ဖြစ်ပြီး စီမံကိန်း ရုပ်လုံးပေါ်ရန် ဆယ်နှစ်ခန့် အချိန်ယူ တည်ဆောက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။
ဝေဖန်ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းလိုက်ရသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၁၆ နှစ်လယ်တွင် ပြန်လည်စတင်မည်ဖြစ်သဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရန် ဗားကရာနှင့် အလတ်ချောင်း ကျေးရွာကို ဆက်သွယ်မည့် မြစ်ကူးတံတားကို ယခုလတွင် စတင်တည်ဆောက်မည်ဖြစ်သည်။
Ref : 7daydaily
Photo Crdit : 7daydaily
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties