By Shweproperty.com, Shweproperty.com
Updated at 4 February 2016
တိုက်ခန်းအရောင်းအဝယ် ဈေးကွက်က နောက်ပိုင်းမှာ အရောင်းအဝယ်အေးပြီး ဈေးကျနိုင်ခြေရှိတယ်လို့ အပြောများနေပေမဲ့ ခိုင်မာတဲ့မြို့နယ်ရှိ တိုက်ခန်းတွေထက် ခွင့်ပြုချက်တွေများတဲ့ မြို့နယ်တွေမှာသာ အကျိုးသက်ရောက်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိဈေးကွက်ထဲမှာ လုံးချင်းနဲ့ တိုက်ခန်းအရောင်းအဝယ်ဈေးကွက် အေးနေပါတယ်။ ကြိုပွိုင့်ရောင်းချမှု အားကောင်းခဲ့တုန်းက တိုက်ခန်းအရောင်းအဝယ် ကောင်းခဲ့ပေမဲ့ ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွင်းမှာ ဝယ်ယူသူတွေ ယုံကြည်မှု မရှိတော့တာကြောင့် ဈေးကွက်အေးခဲ့တာပါ။
ရွှေအိမ်ကမ္ဘာ အထွေထွေ အကျိုးဆောင်လုပ်ငန်းမှ ဦးသိန်းလှညိုက "ဈေးက ကျတဲ့နေရာ၊ မကျတဲ့နေရာရှိတယ်၊ ဈေးကွက်ကို တစ်ပြေးညီ သတ်မှတ်ပြောလို့မရဘူး၊ တိုက်ခန်းဈေးကျတာ ခွင့်ပြုချက်မဲ့များတဲ့ နေရာတွေဖြစ်ပြီး နာမည်ကောင်းရှိတဲ့နေရာတွေနဲ့ ကွာဟမှုရှိတယ်"လို့ ပြောပါတယ်။
ဥပမာ သင်္ဃန်းကျွန်းလို နေရာမျိုးမှာ စည်ပင်ခွင့်ပြုချက်မဲ့တွေ အများကြီးရှိတယ်။ အဲသည်နေရာက တိုက်ခန်းတွေက နာမည်ပျက်တဲ့အတွက် ဝယ်သူတွေက မဝယ်ရဲကြဘူး။ သည်လိုနေရာမျိုးတွေက ဈေးကျတယ်။ နောက်လည်း ဆက်ကျနေမှာပဲ။ ရပ်ကွက်သန့်တဲ့နေရာတွေနဲ့ နာမည်ပျက်မရှိတဲ့ နေရာတွေက တိုက်ခန်းတွေကတော့ ဈေးမကျဘူးလို့ ရှင်းပြတယ်။
အဆင့်မြင်တိုက်ခန်းတွေထက် ကန်ထရိုက်တာတွေရဲ့ ဈေးကွက်က ပိုပြီးအေးစက်နေတာပါ။ ဝယ်သူတွေရဲ့ ယုံကြည်မှုနည်းသွားတာကြောင့် တိုက်ခန်းဈေးကွက်က အငှားပဲရှိနေနိုင်ပြီး အရောင်းက ဈေးကျနိုင်ခြေရှိတယ်လို့ ပြောကြတာလို့ အကျိုးဆောင်တချို့ထံမှ သိရတယ်။
တိုက်ခန်းအရောင်းအဝယ်ဈေးကွက်မှာလည်း ခိုင်ခံ့မှုရှိပြီး ခွင့်ပြုချက်နဲ့ တရားဝင်ဆောက်လုပ်ထားတဲ့ လူနေခွင့်မရသေးတဲ့တိုက်၊ ခွင့်ပြုချက်မဲ့ တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေကတော့ ကွာခြားပါတယ်။ တချို့ဈေးကွက်ထဲမှာ ဈေးလျှော့ရောင်းတာ၊ ပေါက်ဈေးထက် သက်သာတာမျိုးတွေက ခွင့်ပြုချက်မဲ့ စည်းကမ်းမကိုက်ညီတဲ့ အခန်းတွေများတာကြောင့် ဝယ်ယူသူတွေအနေနဲ့ သတိပြုဝယ်သင့်တယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "မြို့တွင်းမြို့နယ်တွေရဲ့ တိုက်ခန်းဈေးနှုန်းက မကျပါဘူး၊ မရမ်းကုန်း၊ သမိုင်းဘက်တို့၊ သင်္ဃန်းကျွန်းတို့ဘက်မှာတော့ ဈေးနည်းနည်းကျတယ်၊ ကြိုပွိုင့်တော့မရှိဘူး၊ ကြိုပွိုင့်ဈေးကွက်က ပျက်နေပြီ၊ တိုက်ခန်းအရောင်းအဝယ်က နောက်ပိုင်းမှာ ပြန်လှုပ်ခတ်လာနိုင်မလားဆိုတာ အားလုံးက သိချင်နေကြတာပါပဲ၊ ခန့်မှန်းရတာတော့ ခက်ပါတယ်"လို့ ပြောပါတယ်။
ကွန်ဒိုဥပဒေက အတည်ပြုလက်မှတ်ပဲ ကျန်တော့ပေမဲ့ တိုက်ခန်းနဲ့သက်ဆိုင်တဲံ ဥပဒေကတော့ ကျန်ပါသေးတယ်။ တိုက်ခန်းအိမ်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးရင် ဈေးကွက်အပြောင်းအလဲ ရှိနိုင်မယ်လို့ သိရပါတယ်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties