By The Voice Myanmar, Shweproperty.com
Updated at 27 May 2019
ပဲခူးတိုင်း အရှေ့ခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များတွင် ယခင်အစိုးရ အဆက်ဆက် စီမံကိန်းလုပ်ကိုင်ရန် လျှောက်ထားရယူခဲ့သည့် မြေယာများအနက် အမှန်တကယ် လုပ်ကိုင်၊ ဆောင်ရွက်ခြင်းမပြုသည့် မြေယာဧက ကိုးသောင်းကျော်ကို တိုင်းအစိုးရက ပြန်လည်သိမ်းယူခဲ့ကြောင်း တိုင်းအစိုးရ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရသည်။
“၂၀၁၈ ခုနှစ်ကုန်ခါနီးကတည်းက စည်းကမ်းနဲ့မကိုက်ညီတဲ့မြေတွေကို ပြန်သိမ်းနေတယ်။ ပြန်လည်သိမ်းဆည်းထားတဲ့ မြေယာတွေကိုလည်း ဒေသခံတွေထဲ မြေယာဥပဒေနဲ့အညီ ပြန်လည်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ပြင်ဆင်ထားတယ်” ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောကြားသည်။
မြေယာများပြန်သိမ်းပြီး စည်းကမ်းဥပဒေနှင့်အညီ ပြန်လည်ချထားလုပ်ကိုင်ခွင့်ပေးမည်ဆိုသော်လည်း မြေယာဥပဒေဖြင့် စနစ်တကျ လျှောက်ထားလုပ်ကိုင်ခွင့်မပြုမီ မူလမြေပိုင်ဆိုင်သူများ လျှောက်ထားခွင့်မရဘဲ ကုမ္ပဏီတစ်ခုသို့ ချထားပေးခြင်းမျိုးလည်း ပဲခူးတွင်ကြုံနေရကြောင်း ယင်းမြို့နယ် တိုင်းလွှတ်တော်အမတ်တစ်ဦးက ဆိုသည်။
လယ်ယာမြေဥပဒေပုဒ်မ ၁၂ပါ စည်းကမ်းချက်များ လိုက်နာရန်ပျက်ကွက်မှုများနှင့်စပ်လျဉ်းပြီး အရေးယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များကို ခန့်အပ်တာဝန်ပေးနိုင်ရေး တင်ပြထားကြောင်း ပဲခူးတိုင်း စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသည်။
ဧပြီလအတွင်းကလည်း ယခင် ပဲခူးတိုင်းအစိုးရလက်ထက်က IBTC ကိုချထားပေးခဲ့သည့် မြေဧက ၁၄၀ ကျော်ကို ကုမ္ပဏီက ပြန်စွန့်လွှတ်ခဲ့ပြီး ယင်းနေရာများတွင် တောင်ငူမြို့ ကားကြီးကွင်းတစ်ခုတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ် ဦးမိုးမခက ပြောကြားသည်။
ယင်းမြေယာများသည် တောင်ငူမြို့နယ် မြောက်ဘက်အထွက် ကံရိုးကျေးရွာနှင့် အမှတ် ၉ ရပ်ကြားတွင်ရှိပြီး မြေလွတ် မြေရိုင်း ၁၅၇ ဧကကျော်ရှိပြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းလက်ထက်က IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ချထားပေးခဲ့ခြင်းဖြစ်ကာ စီမံကိန်းတည်ဆောက်မှု မပြုဘဲထားလာသည်မှာ ၈ နှစ်ကျော်လာခြင်းကြောင့် ပြန်သိမ်းခြင်းသာဖြစ်ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
Ref : The Voice Myanmar
Photo Credit : Iangelrealty
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties