By kumudra, Shweproperty.com
Updated at 6 August 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ အထပ်မြင်ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ခွင့်ပြုပေးခဲ့လို့ အထပ်မြင့်ကန်ထရိုက်ဈေးကွက် ဝင်ရောက်လာပြီလို့ အိမ်ခြံမြေအကျိုးဆောင် တချို့ထံမှ သိရပါတယ်။
'ကန်ထရိုက်တွေက သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာတို့လို နေရာတွေသာမကဘူး မြောက်ဒဂုံဘက်ကိုလည်း လာရောက်ဆောက်လုပ်နေကြတယ်၊ မြေနေရာ Location ပေါ်မူတည်ပြီး မြေရှင်ကို ရွေ့ပြောင်းစရိတ် သိန်း ၅၀၀ လောက်အထိ ပေးပြီး တစ်ခြမ်းပေး တစ်ခြမ်းယူ ဆောက်လုပ်လာကြတယ်' လို့ ကောင်းကင်အိမ်ခြံမြေ အကျိုးဆောင်မှ ဦးအောင်မိုးကျော်က ပြောပါတယ်။
သည်ရပ်ကွက်တွေမှာ စတင်
လက်ရှိ စတင်ဝင်ရောက်နေတဲ့ ရပ်ကွက်တွေကတော့ (၃၂)၊ (၃၃)၊ (၃၄)၊ (၃၅) နဲ့ (၄၂) ရပ်ကွက်တွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲ့ မြေကွက်မှာ ပေ ၄၀ x ပေ ၆၀ ဂရန်မြေ အမျိုးအစားဖြစ်တာကြောင့် ခြောက်ထပ်မှ ရှစ်ထပ်လောက်အထိ လမ်းအကျယ်ပေါ် မူတည်ပြီး ဆောက်လုပ်ခွင့်ရတာ ဖြစ်ပါတယ်။
အခန်းအမျိုးအစားကတော့ ၃၈ ပေ x ၅၅ ပေ ဖြစ်ပြီး ရင်ကွဲပုံစံ ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။ တချို့က ပေ ၆၀ x ပေ ၆၀ တွေကျတော့ အတွဲလိုက် လှေကားနှစ်ဖက် တည်ဆောက်ကြတာ ဖြစ်ပါတယ်။
'မြောက်ဒဂုံဘက်က မြေရှင်တွေက ဝန်ထမ်းတွေများတော့ ကန်ထရိုက်တာကို သေချာစိစစ်ကြတယ်၊ အဲဒါကြောင့် မြောက်ဒဂုံဘက်မှာ လိုင်စင်မဲ့ ကန်ထရိုက် အခုထိ မဝင်သေးဘူး' လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ တာဝန်ရှိသူက ပြောပါတယ်။
၎င်းတိုက်ခန်းဈေးနှုန်းတွေကတော့ မြေညီထပ်ကို ကျပ်သိန်း ၄၅၀ မှ အပေါ်ဆုံးထပ်ကို ကျပ်သိန်း ၂၅၀ ဝန်းကျင်လောက် အထိ ပေါက်ဈေးရှိပါတယ်။ ရောင်းချမှုကို ကြိုပွိုင့်၊ အရစ်ကျစနစ်နဲ့ ရောင်းချပြီး ပထမအရစ်ကိုတော့ အခန်းတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်း ပေးရတယ်လို့ သိရပါတယ်။
လက်ရှိ မြောက်ဒဂုံမြေပေါက်ဈေး
လက်ရှိ မြောက်ဒဂုံ မြေဈေးကွက်က အဆိုပါ ကန်ထရိုက်တိုက်ဆောက်လုပ်တဲ့ မြေနေရာတွေမှာ သိန်း ၁၄၀၀ မှ ၁၅၀၀ လောက်အထိ ပေါက်ဈေးရှိပါတယ်။ တချို့မြေရှင်တွေက ကိုယ်တိုင်ကန်ထရိုက်ပေး ဆောက်တာရှိသလို အကျိုးတူ ဆောက်တာတွေလည်း ရှိပါတယ်။ သည်လို ကန်ထရိုက် ဆောက်လုပ်တဲ့ ဈေးကွက်က သာမန်မြေဈေးကွက်ထက် အကျိုးအမြတ် ပိုရှိတာကြောင့် ကန်ထရိုက်တိုက် ဆောက်လုပ်သူ များပြားလာတာလည်း ဖြစ်ပါတယ်။
'ကိုယ်တိုင် မြေရောင်းလိုက်ရင် ဒီလိုနေရာတွေက ကိုယ်ပြန်ဝယ်ဖို့ ခက်ခဲ့တယ်၊ ပြီးတော့ ဈေးတွေကလည်း တဖြည်းဖြည်း တက်နေတော့ ကန်ထရိုက်နဲ့ အကျိုးတူဆောက်ပြီး ရတဲ့အခန်းကို ရောင်းတဲ့ဈေးက ပိုရတယ်၊ အခန်းရောင်းမယ်ဆိုတာက အချိန်တန်ရင် မြေပိုင်ရှင်က ကိုယ်ပဲဆိုတော့ နေရာလဲ မပျောက်တော့ဘူးပေါ့' လို့ ကန်ထရိုက်ပေး အကျိုးတူအထပ်မြင့် ဆောက်လုပ်နေတဲ့ မစန်းစန်းက ပြောပါတယ်။
ကန်ထရိုက်နဲ့ စာချုပ် ချုပ်မယ်ဆိုရင်
ကန်ထရိုက်နဲ့ တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်မယ်ဆိုရင် မြေရှင်မှ အသိသက်သေ၊ ရောင်းသူမှာ ကန်ထရိုက်၊ ရပ်ကွက်အတွင်းရှိ သက်ဆိုင်ရာလူကြီး၊ ဝယ်ယူမယ့်သူ စတာတွေ စုံညီပြီးမှ ဝယ်ယူသင့်ပါတယ်။ လိုအပ်ပါက ရှေ့နေနဲ့ စာချုပ် ချုပ်ပြီး အရောင်းအဝယ် ပြုလုပ်သင့်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။၏
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties