By Myanmar Times, Shweproperty.com
Updated at 3 November 2015
လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်အချို့ တွင်မသမာသူများက မြေဂရန် ပျောက်ဆုံး ကြောင်း လာရောက်လျှောက်ထားလာခြင်း၊ အဆင့်ဆင့် လိမ်လည်ရောင်းချမှုများကြောင့် လူနေထိုင်ခြင်းမရှိသည့် မြို့စွန်ရပ်ကွက်များ ၏ ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုများကို ခေတ္တရပ်ဆိုင်းထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု့ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက မြန်မာတိုင်း(မ်) ကိုပြောသည်။
"ဒီလဆန်းကတည်းက ရပ်လိုက်တာပါ၊ ရက်အတိအကျတော့မမှတ်မိပါဘူး။ လူလည်တွေက မြေကွက်ပိုင်ရှင်တွေရဲ့ နာမည်တွေကို ရတဲ့နေရာစုံကစုံစမ်းပြီး ပါမစ်ပျောက် ဆိုပြီး ဂရန်လာလျှောက်တယ်။ ပါမစ်ပျောက် ဂရန်လျှောက်တယ်ဆိုပြီးတော့ ရဲစခန်း ထောက် ခံချက်တွေလည်း ပါလာတယ်။ မသမာမှုတွေလည်းရှိတော့ လတ်တလော ပါမစ်ပျောက် မြေဂရန်ထုတ်ပေးမှုကို ဆိုင်းငံ့ ထားလိုက်တာပါ။ ဘေးပတ်ဝန်းကျင်မှာလူနေအိမ်တွေ ရှိရင်တော့ ထုတ်ပေးနေပါတယ်၊ ဝန်ထမ်းတွေကို ချထားပေးတဲ့ မြေကွက်တွေ ဖြစ်တာများ တဲ့အပြင် ချထားပေးတာကလည်း နှစ်ပေါင်းများစွာကြာပြီး အိမ်ဆောက်လုပ် ခြင်းမရှိဘဲ ကွင်းပြောင်ပြောင် ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လူလည်တွေက ကလိန်ကကျစ်လုပ်ပြီး သူတို့မြေကွက်အပိုင်ဖြစ်သယောင်ယောင်လုပ်ပြီး အဆင့်ဆင့် ပြန်လည် ရောင်းစားတာတွေ ရှိတယ်။ နောက်ပိုင်းကျမှ ပိုင်ရှင်အစစ်အမှန်တွေ ပေါ်လာတာ တွေကြောင့် အခုလို ပါမစ်ပျောက်မြေဂရန်လျှောက်ထားမှုကို ရပ်နားထားတာပါ" ဟု ၎င်းကပြောသည်။
ပါမစ်ပျောက် မြေဂရန်လျှောက်ထားမှု များကို ခေတ္တဆိုင်းငံ့လိုက်သည့် မြိ့နယ်များ မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ် တို့ဖြစ်ပြီး လူနေထိုင်သည့် ရပ်ကွက်များကိုမှု ပါမစ်ပျောက် မြေဂရန်ပျောက်ဆုံးမှုများကို ပုံမှန် ပြန်လည်ထုတ်ပေးလျက်ရှိသည်။
ယင်းမြို့နယ်ငါးမြို့နယ်အတွင်းရှိ လူနေထိုင် ခြင်း မရှိသည့် မြို့နယ်/မြေတိုင်းရပ်ကွက် ပေါင်း ၄၄ ရပ်ကွက်ရှိ ပါမစ်ပျောက်ဖြင့် ဂရန် သစ်လာရောက်လျှောက်ထားခြင်းကို ဆိုင်းငံ့ ခြင်းဖြစ်သည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ လူနေထိုင် ခြင်းမရှိသေးသည့် ၁၂၀၊ ၁၂၁၊ ၁၂၂၊ ၁၃၁၊ ၁၃၅၊ ၁၃၆ ၊ ၁၃၇ ၊ ၁၃၈၊ ၁၃၉ ၊ ၁၅၅ ရပ်ကွက် ၁၀ ကွက်၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ရှိ လူနေထိုင်ခြင်းမရှိသေးသည့် ၅၉၊ ၆၀၊ ၆၁၊ ၇၇၊ ၇၈၊ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၈၅၊ ၈၆၊ ၉၂၊ ၁၃၈၊ ၁၃၉၊ ၁၅၀၊ ၁၅၁ ရပ်ကွက် ၁၈ ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ ၁၄၁/၂၊ ၁၄၃/၂၊ ၁၄၅၊ ၁၄၆၊ ၁၄၇၊ ၁၅၂၊ ၁၅၃၊ ၁၅၄ ရပ်ကွက် ရှစ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ရလပ ၂၂၊ ရလပ ၂၃၊ ရလပ ၂၈၊ သကတ ၁၇၊ သကတ ၁၈ စုစုပေါင်း ငါးကွက်၊ ရွှေပြည်သာမြို့နယ်တွင် ၁၁၊ ၁၄၊ ၁၆ ရပ်ကွက်များရှိ မြေကွက်များ၏ ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားလာခြင်းကို ဆိုင်းငံ့လိုက်သည်။ "သူတို့အခုလို ရပ်ကွက်တွေကို ပါမစ်ပျောက် ဂရန်မထုတ်ပေးသေးဘူး ဆိုတာကို အများပြည်သူသိရှိအောင် လုပ်သင့်တယ်။ ဘယ်တော့ပြန်ချပေးမလဲဆိုတာပါ သတင်း စာတွေထဲထည့်ပြီး ကြော်ငြာမှ အန်တီတို့က အလုပ်ကို သေသေချာချာ လုပ်လို့ရမှာ၊ ဈေးကွက်ထဲမှာကတော့ ပါမစ်အတုတွေ ကော၊ ဂရန်အတုတွေကော၊ လက်ညှိုးထိုးပြီး အဆင့်ဆင့် ရောင်းစားထားတာတွေနဲ့ပါ ရှုပ်နေတယ်။ ကိုယ်ရောင်းပေးလိုက်တဲ့ အကွက်က ဘယ်နေ့ပိုင်ရှင် နောက်တစ်ယောက်ထပ်ပေါ်လာမလဲဆိုတာကို တွေးပြီး အမြဲစိုးရိမ်နေရတယ်" ဟု မြို့သစ်ရှိ မြေကွက် များကို အကျိုးဆောင်ရောင်းချပေးနေသည့် အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှ ကိုဝင်းထိန်က ပြောသည်။ နည်းပညာမြင့်မားလာသည့် အတွက် စာရွက်စာတမ်းအတုများနှင့် အစစ်များမှာ ခွဲခြားရခက်လာခြင်း၊ နှစ်ပေါင်းများစွာ လူနေထိုင်ခြင်း မရှိသည့် မြေကွက်လွတ်များကို မသမာသူများက ပိုင်ရှင်အမည်များ သိရှိရန် နည်းလမ်းမျိုးစုံဖြင့် စုံစမ်းကာ စာရွက်စာတမ်း အတုမျိုးစုံပြုလုပ်ပြီး အဆင့်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ် လာနေသဖြင့် မူလမြေပိုင်ရှင်များနှင့် ဝယ်ယူထားသူများ အကြားတွင် အငြင်းပွားမှုများဖြစ်ပေါ် လာ သလို မမှန်မကန် ရောင်းချခဲ့သူများကိုလည်း ပြန်လည်ရှာဖွေ တရားစွဲဆိုထားသည့် ဖြစ်စဉ်များ အများအပြား ဖြစ်ပေါ်လာခဲ့သည်။
"ဈေးသက်သာတာကြောင့် မြေကွက်ဝယ် မယ်ဆိုပြီး သူတို့ပြောတဲ့နာမည်နဲ့ အမည်ပေါက် သွားစစ်တော့လည်း အမှန်ပဲ အဲဒီအမည်ပေါက်ပဲ၊ ဒါပေမဲ့ စာရွက်စာတမ်းက အတုဖြစ်နေလို့ ရောင်းတဲ့သူတွေကိုကော၊ ပွဲစားတွေကိုပါ တရားစွဲထားရတယ်။ ကျွန်တော် ကြားတာကတော့ အုပ်စုဖွဲ့လိုက်လိမ်နေတဲ့ အဖွဲ့တွေရှိတယ်လို့ ကြားတယ်"ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း ၁၃၁ ရပ်ကွက်တွင် မြေကွက် ဝယ်ယူထားမိသူတစ်ဦးက ပြောသည်။
Ref : Myanmar Times
Photo Credit : P Land
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties