By Myanmar Times, Shweproperty.com
Updated at 4 November 2015
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ သိသာစွာ ဝင်ရောက် လာသည့်အတွက် စီးပွားရေးမြို့တော် ရန်ကုန်တွင် ရုံးခန်းနေရာ လိုအပ်ချက်မှာ လည်း သိသာစွာ တိုးမြင့်ခဲ့သည်။
ရုံးခန်းနေရာလိုအပ်ချက် မြင့်မားနေသည့် ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း ဆောက်လုပ်ရေးကဏ္ဍသို့ ဝင်ရောက်လာ သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရုံးခန်း အဆောက်အအုံကို ဦးစားပေးတည်ဆောက် ၍ ဈေးကွက် ချဲ့ထွင်လာကြသည်။
ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အိမ်ခြံ မြေ အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Collier International Myanmar ၏ သုတေသနပြုချက်များအရ ယခုနှစ်အတွင်း ရုံးခန်းနေရာအတွက် အဆောက်အအုံများ ပေါ်ထွက်လာနိုင်မှုမှာ နှစ်ဆမြင့်တက်လာ မည်ဖြစ်ပြီး စတုရန်းမီတာ ၁၄၀,၀၀၀ ကျော် ခန့်အထိ ရုံးခန်းနေရာလွတ်များကို ငှားရမ်း နိုင်မည်ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ရန်ကုန်မြို့၌ ရုံးခန်းနေရာပေါ်ထွက်လာမှုမှာ စတုရန်းမီတာ ၁၀၇,၈၆၄ ခန့်သာရှိခဲ့ပြီး ရုံးခန်းနေရာလွတ်များကို ငှားရမ်းနိုင်သည့် အဆောက်အအုံ လေးခုခန့်သာရှိခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ အဆင့်မြင့်ရုံးခန်း နေရာလွတ်များစွာ ငှားရမ်းအသုံးပြုနိုင်မည့် အဆောက်အအုံ များမှာ Sakura Tower, Union Business Centre, FMI Centre and Centrepoint Tower တို့သာ ရှိခဲ့သော်လည်း ယခုနှစ်အတွင်း အသစ်ပေါ်ထွက်လာသည့် ပြည်လမ်းရှိ Novotel Hotel Yangon Max၊ မဟာဗန္ဓုလလမ်းပေါ်ရှိ Union Financial Centre နှင့် ကမ်းနားလမ်းရှိ The Strand Office Complex တို့တွင် နိုင်ငံတကာအဆင့်မီ ရုံးခန်း နေရာများ ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်သည်။ "အိမ်းနီးနားချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ Grade-A အဆင့်ရှိတဲ့ ရုံးခန်း အမျိုး အစားက ရန်ကုန်မြို့မှာ နည်းနေသေးတယ်" ဟု Collier International ၏ အစီရင်ခံစာက ဆိုသည်။
ထို့ပြင် ယခုနှစ် နှစ်ကုန်ပိုင်းခန့်မှ အသစ် ထွက်ပေါ်လာသည့် ဇေကမ္ဘာကုမ္ပဏီက တည်ဆောက်သည့် ပြည်ဂါးဒင်း အဆောက်အအုံ (Pyay Garden Office Tower) နှင့် ဗီယက်နမ် ံHAGL ကုမ္ပဏီက တည်ဆောက်ခဲ့သည့် ကမ္ဘာ အေးဘုရားလမ်းမပေါ်ရှိ မြန်မာစင်တာတာဝါ တို့သည်လည်း ရုံးခန်းနေရာ အငှားဈေးကွက် အတွင်း ဝင်ရောက် လာခဲ့ပြီဖြစ်သည်။ အောက်တိုဘာ လကုန်ပိုင်းကဖွင့်လှစ်ခဲ့ သည့် ပြည်ဂါးဒင်း ရုံးခန်း အဆောက်အအုံမှာ စုစုပေါင်း စတုရန်းမီတာ ၈,၀၀၀ ခန့်ရှိ ရုံးခန်း နေရာလွတ်များကို ငှားရမ်းပေးနိုင်မည်ဖြစ်ကာ အဆင့်မြင့် ရုံးခန်းဝန်ဆောင်မှုများကို လည်း ပေးနိုင်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ပြည်ဂါးဒင်း အဆောက်အအုံမှာ ၂၀၁၅ ခုနှစ် မတ်လတွင် ပြီးစီးခဲ့ပြီး ရုံးခန်း နေရာများ ငှားရမ်းခြင်းကို စတင်ခဲ့ပြီ ဖြစ်သည်။
ပြည်ဂါးဒင်း အဆောက်အအုံ၏ ၄၅ ရာခိုင်နှုန်းခန့်မှာ ငှားရမ်းသူများဖြင့် ပြည့်နေပြီဖြစ်သည် ဟု ပြီးခဲ့သည့်လအတွင်း ကျင်းပခဲ့သည့် ပြည်ဂါးဒင်းဖွင့်ပွဲအခမ်းအနားတွင် အဆိုပါကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မငုကေခိုင်က ပြောသည်။ "ရန်ကုန်မှာ ရုံးခန်းလိုအပ်ချက်က များလာ တာနဲ့အမျှ Office Tower တွေ ဆောက်လာ ကြတာတွေလည်း အများကြီး ရှိလာပါတယ်။ ကျွန်မတို့ထက် နေရာလွတ်တွေ အများကြီး ပေးနိုင်တဲ့ အဆောက်အအုံတွေ ရှိပါတယ်။ ဒါပေမဲ့ အခုကျွန်မတို့ အဆောက်အအုံ ကလည်း ရန်ကုန်မြို့ရဲ့ လိုအပ်ချက်ကို တစ်စိတ်တစ်ဒေသ ဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြောသည်။
အဆိုပါ ပြည်ဂါးဒင်းအဆောက်အအုံ၏ ရုံးခန်းအငှား ဈေးနှုန်းများသည် အခန်းအမျိုး အစားပေါ်မူတည်လျက် အနည်းဆုံး စတုရန်း ပေ ၆၀၀ အတွက် ငှားရမ်းခမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၂,၇၀၀ ကျော်ခန့်ရှိပြီး အမြင့်ဆုံး စတုရန်းပေ ၇,၀၀၀ ကျော်အတွက် ငှားရမ်းခမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၇,၀၀၀ ကျော်အထိရှိသည်ဟု သိရသည်။ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်းနေရာ ရှားပါးပြတ်လပ်မှုသည် မြန်မာနိုင်ငံတွင်း ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဈေးကွက်နှင့် ပြည်တွင်းက အောင်မြင်မှုရရှိနေသည့် ကုမ္ပဏီ များအတွက် လုပ်ငန်းတိုးချဲ့ရန် အဓိက စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ခဲ့သည်ဟုလည်း မြန်မာစင်တာ ရုံးခန်းအဆောက်အအုံကို တည်ဆောက်သည့် ဗီယက်နမ် HAGL ကုမ္ပဏီက ပြောသည်။ နိုဝင်ဘာလတွင် ဈေးကွက်အတွင်း စတင် ဝင်ရောက်လာသည့် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ မြန်မာစင်တာ ရုံးခန်း အဆောက်အအုံသည် ဧရိယာစတုရန်းပေ မီတာ ၁၀,၈၀၀ ကျယ်ဝန်းသည့် သီးခြားရုံး အဆောက်အအုံနှင့် မီတာ ၆၀,၀၀၀ ခန့် ကျယ်ဝန်းသည့် ရုံးခန်းနေရာများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသဖြင့် ရုံးခန်းလိုအပ်ချက် မြင့်မားနေသည့် ဈေးကွက်ကို များစွာဖြည့် ဆည်းပေးနိုင်မည်ဖြစ်သည်။
"မြန်မာစင်တာဟာ ရန်ကုန်မြို့ရဲ့ ပထမ ဆုံးနဲ့ အကြီးဆုံး Grade-A အဆင့်ရှိတဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ နောက်ပြီး ရုံးခန်းနေရာ ငှားရမ်းမှုရဲ့ ဈေးနှုန်းကို လည်း သက်သာအောင် ကျွန်တော်တို့ ကြိုးစားထား ပါတယ်။ အဆင့်မြင့်မြင့်နဲ့ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးနှုန်းနည်းတဲ့ ရုံးခန်းအဆောက် အအုံ စီမံကိန်းကြီးကို HAGL က အသက်သွင်း ခွင့်ရခဲ့တာကို ကျေနပ်ပါတယ်" ဟု အဆိုပါကုမ္ပဏီကတာဝန် ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာ ကာအိုဒွိုင်သင့်က ပြောသည်။
စုစုပေါင်း စတုရန်းမီတာ၈၀,၀၀၀ ခန့် ကျယ်ပြီး ၂၂ ထပ်အမြင့်ရှိသည့် မြန်မာစင်တာ၏ ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၆ မှ ၇၀ ထိ ရှိသည်။ အဆိုပါ မြန်မာစင်တာ ဘက်စုံသုံး အဆောက်အအုံအတွင်းတွင် စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ အရောင်းဆိုင်နှင့် ဝန်ဆောင်မှု စင်တာများ၊ လူဦးရေ ၁,၅၀၀ ဆံ့ သည် ခန်းမများ၊ ကြယ်ငါးပွင် ဟိုတယ်တို့ ပါဝင်ပြီး စတုရန်း မီတာ ၄,၀၀၀ ခန့်ကျယ် သည့် စားသောက်ဆိုင်ခန်း နေရာတစ်ခု လည်း ပါဝင်သည်။ ရန်ကုန်မြို့တွင် ရုံးခန်းနေရာလိုအပ်ချက် ဆက်လက်မြင့်တက်နေဦးမည့် အလားအလာ များ ရှိနေသည့်အတွက် အဆင့်မြင့်ရုံးခန်းနေရာ များပါဝင်သည့် အဆောက်အအုံကြီးများ ပေါ်ထွက်လာမှုသည်လည်း ရပ်တန့်သွားဦး မည် မဟုတ်ကြောင်း အိမ်ခြံမြေ လုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်သည်။ ထို့ပြင် ရန်ကုန်မြို့၏ လက်ရှိအိမ်ခြံမြေ ဈေးကွက် အတွင်းတွင်လည်း အခန်းငှားရမ်းမှု ဈေးကွက်မှာ ဦးဆောင် လျက်ရှိသည့်အတွက် ကွန်ဒို၊ တိုက်ခန်းနှင့် ရုံးခန်းနေရာလွတ်များ လိုအပ်မှုနှုန်းမှာ မြင့်မားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties