By Myanmar Times, Shweproperty.com
Updated at 20 August 2015
ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်း စောင့်ရှောက်မှုကို အားပေးလုပ်ဆောင်လျက် ရှိသည့် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) နှင့် နိုင်ငံတကာ အန်ဂျီအို တစ်ခုဖြစ်သည့် Turquoise Mountainတို့ပူးပေါင်းကာ ရန်ကုန်မြို့လယ်ရှိ အစိုးရပိုင်မဟုတ်သော ရှေးဟောင်း အဆောက်အအုံ တစ်လုံးကို ထိန်းသိမ်းပြုပြင်ရန်အတွက် ပြန်လည်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများ စတင်ပြုလုပ်လျက်ရှိကြောင်း YHT မှ ဩဂုတ် ဒုတိယပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့တွင် ရှေးဟောင်းအဆောက်အအုံများစွာရှိသည့်အနက် အုပ်ချုပ်ရေး ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ အများစုမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ မြို့ပြအမွေ အနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် သတ်မှတ်ထားသည့် စာရင်းတွင် ပါရှိပြီး ပုဂ္ဂလိက ရှေးဟောင်းအဆောက်အအုံအချို့ မှာလည်း ထိန်းသိမ်းစောင့်ရှောက် သင့်သည့် အနေအထားတွင် ရှိလာခဲ့သည်။ ထိုသို့ ပြန်လည်ပြုပြင်ထိန်းသိမ်းမည့် ရှေးဟောင်း အဆောက်အအုံသည် ရန်ကုန် မြို့၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်း အမှတ် ၄၉၁/၅၀၁ တွင် တည်ရှိသော နှစ် ၁၀၀ ကျော်သက်တမ်းရှိ စီးပွားရေး လုပ်ငန်းများနှင့် လူနေအိမ်ခန်းများ ပါဝင်သည့် အဆောက်အအုံတစ်ခု ဖြစ်သည်။ အဆိုပါ အဆောက်အအုံကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ထိန်းသိမ်းပြုပြင် လျက်ရှိကြောင်းနှင့် ပြုပြင်မွမ်းမံရေးစီမံကိန်း ကို ၂၀၁၅ ခုနှစ် ဇူလိုင်ကစတင်ခဲ့ပြီး ကိုးလ ကြာမြင့်မည်ဖြစ်သည်။ "ကျွန်တော်တို့ဆီကို ဒီနှစ်ထဲမှာပဲ ပြန်လည်ပြုပြင်ဖို့အတွက် တင်ပြလာတဲ့အတွက် ခွင့်ပြုပေးခဲ့ ပါတယ်။ ဒီအဆောက်အအုံက အစိုးရပိုင် အဆောက်အအုံတော့ မဟုတ်ပါဘူး။ အရင်က ခေတ်အဆက်ဆက် ပိုင်လာတဲ့ ပုဂ္ဂလိကပိုင်ရှင်တွေတော့ ရှိမှာပါ။ ဒါပေမဲ့ သူတို့ဘက်က ပြင်ဆင်ချင်တယ်လို့ တင်ပြလာတော့ ကျွန်တော်တို့ဘက်ကလည်း ခွင့်ပြုနိုင်တဲ့အတွက် ခွင့်ပြုပေးခဲ့ပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ဒုတိယဌာနမှူး ဦးနေဝင်းက ပြောသည်။
ထိန်းသိမ်းပြုပြင်ရေးအတွက် ရန်ပုံငွေကိုမူ ဝေလမင်းသားဖောင်ဒေးရှင်း၊ ကနေဒါနိုင်ငံ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုး ရေးဌာနနှင့် Global heritage Fund မှ တစ်ဆင့် Alphawood ဖောင်ဒေးရှင်းတို့က ထည့်ဝင်ထားကြောင်း YHT တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "YHT က ရန်ကုန်မြို့မှာ ရှိတဲ့ရှေးဟောင်း အဆောက်အအုံတွေကို စနစ် တကျထိန်းသိမ်း နိုင်ဖို့အတွက် လုပ်ပေးခဲ့ပါတယ်။ အခုလို ရှေးဟောင်း အဆောက် အအုံတွေကို ပြုပြင် မွမ်းမံ ထိန်းသိမ်းဖို့အတွက်လုပ်တာ အခု ရန်ကုန်မြို့လယ်က အဆောက်အအုံက ဒုတိယမြောက် ဖြစ်ပါတယ်။ ပထမဆုံး ပြန်လည် ပြင်ဆင်မွမ်းမံ ခဲ့တာက ဦးသန့်အိမ် ဖြစ်ပါတယ်" ဟု ပြန်ကြားရေးနှင့် ဆက်သွယ် ရေးမန်နေဂျာ မရွှေယင်းမာဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့ကို အာရှတွင်နေချင်စဖွယ် အကောင်းဆုံးမြို့များအနက် တစ်မြို့ ဖြစ်လာစေရန် ဆောင်ရွက်ရာတွင် မြို့ပြအမွေ အနှစ်များစွာကို ပိုင်ဆိုင်ထားသည့် အဆောက်အအုံများနှင့်ပေါင်းစပ်ကာ ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အဆိုပါစီမံကိန်း ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း YHT က ပြောသည်။ ပြန်လည်ပြုပြင်ထိန်းသိမ်းမည့် ယင်းအဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အဆောက်အအုံများ အများစုကြုံတွေ့နေရ သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အဆောက်အအုံတစ်လုံးဖြစ်ပြီး အဆောက်အအုံ အတွင်းပိုင်းမှာ ခမ်းနား၍သက်ဝင် လှုပ်ရှားသည့် အနေအထားရှိသော်လည်း ကြံ့ခိုင်မှု အားနည်းလျက်ရှိသည့်အပြင် မူလ လက်ရာနှင့် မကိုက်ညီသော ပြင်ဆင်တိုးချဲ့မှု များကြောင့် အလျင်အမြန်ပြုပြင်ရန် လိုအပ်နေခြင်းဖြစ်သည်။
အဆောက်အအုံကို ပြင်ဆင်မွမ်းမံနေ သည့်ကာလအတွင်း အဆိုပါအဆောက်အအုံအတွင်း နေထိုင်သည့်သူများနှင့် ဆိုင်ခန်းအချို့မှာ ဖယ်ရှားပေးရမည်ဖြစ် ပြီး ၎င်းတို့ဘက်ကလည်း ပြင်ဆင်မွမ်းမံမှု ကို လက်ခံသဘောတူကြောင်း မရွှေယင်း မာဦးက ပြောသည်။ "ကျွန်မတို့ နေထိုင်သူတွေနဲ့ ညှိနှိုင်းပြီးပါပြီ။သူတို့ဘက်ကလည်း သဘောတူ လက်ခံပါတယ်။ ပြင်ဆင်နေတဲ့ကာလမှာတော့ သူတို့အစီအစဉ်နဲ့ ပြောင်းရွှေ့မှာပါ" ဟု ၎င်းက ပြောသည်။
ရှေးဟောင်းအဆောက်အအုံ၏ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်လျက် ရှိသည့် ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် Myanmar Integrated Engineering Group နှင့် ပူးပေါင်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties