By The Kumudra, Shweproperty.com
Updated at 20 January 2015
အိုးပိုင်အိမ်ပိုင်မရှိတဲ့ ဝင်ငွေနည်း လူတန်းစားတွေအတွက် လာမယ်ဘဏ္ဍာနှစ်မှာ အတိုးနှုန်းနည်းတဲ့ နှစ်ရှည်ချေးငွေ ချပေးတာက ကောင်းမွန်တဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။
အတိုးနှုန်းနည်းနည်းနဲ့ နှစ်ရှည်ချေးငွေနဲ့ နေအိမ်ဝယ်ယူနိုင်ဖို့ လက်ရှိမှာအတိုးနှုန်းကို ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ နှစ် ၃၀ သတ်မှတ်ပြီး ချေးယူနိုင်ဖို့ လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
ဝါရင့်အကျိုးဆောင် ရှေ့နေဦးမောင်မောင်က "ဒီစနစ်က တကယ်လိုအပ်နေတာပါ၊ ဒီလိုရောင်းပေးမှပဲ အခြေခံလူတန်းစားတွေ ဝယ်ယူနိုင်မှာ၊ အခုမြေပေါက်ဈေးနဲ့ဆို အလတ်တန်းစားတောင် ဝယ်ယူနိုင်ဖို့က ခက်ခဲနေတဲ့အခြေအနေပဲ၊ မြို့စွန်လိုနေရာမှာတောင် မြေကွက်တစ်ကွက် အနည်းဆုံး သိန်းရာဂဏန်းဖြစ်နေပြီ"လို့ပြောပါတယ်။
အခြေခံ ဝင်ငွေနည်းလူတန်းစားတွေဟာ အိမ်ငှားခ၊ စားသောက်စရိတ်တွေနဲ့တင် လုံးလည်ချာလည် နေကြတာပါ။ လက်ရှိရောင်းချပေးနေတဲ့ တန်ဖိုးမျှတ၊ တန်ဖိုးနည်းအိမ်ရာတွေက နှစ်တို(လေးနှစ်)အရစ်ကျနဲ့သာ ဝယ်ယူခွင့်ပြုထားသောကြောင့် ရုံးဝန်ထမ်း တချို့တောင် ဝယ်ယူနိုင်ဖို့ ခက်ခဲပါတယ်။
နှစ်ရှည်ချေးငွေ ချပေးတဲ့ အခါမှာ အမှန်တကယ် ဝင်ငွေနည်းပြီး အိမ်ငှားနေရသူတွေ ဖြစ်ရမယ်။ အသက်အရွယ်အနေနဲ့ အသက် ၄၀ လောက်အထိကို ချေးပေးမှာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လူနေအိမ်ဆောက်လုပ်မှုအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအထိ ချေးငွေရယူနိုင်ဖို့ စီစဉ်ထားတယ်။ ဘဏ်ကို ငွေကြေးဂဏ္ဍအပြင် နိုင်ငံတကာရဲ့ အကူအညီရဖို့ပါ မျှော်လင့်ထားတယ်လို့ ဆိုတယ်။
တောင်ဥက္ကလာမြို့နယ်မှာ အိမ်ငှားနေထိုင်သူ မသဉ္ဇာက "တစ်လကို ငွေနည်းနည်းသွင်းပြီး ဝယ်လို့ရမယ့် အငှားအိမ်ရာ စနစ်ကိုလဲကြိုက်တယ်၊ အခုလို ချေးငွေနဲ့ဝယ်ယူခွင့်ရမယ်ဆိုလဲ အဆင်ပြေတာပဲ၊ နှစ်ရှည်သွင်းပြီး ဝယ်ခွင့်ရမှပဲ အိမ်ပိုင်နိုင်တော့မှာ၊ အခုက စားဝတ်နေရေးနဲ့ အိမ်ငှားခအတွက်ပဲ လည်နေကြရတာ၊ တကယ်သာဝယ်ခွင့် ရမယ်ဆို ဝယ်ချင်ပါတယ်"လို့ ပြောပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties