By Fifthwavenews, Shweproperty.com
Updated at 10 May 2019
ရန်ကုန်မိုးပျံမြို့ပတ်ရထားလမ်းစီမံကိန်း(YUMRT)ကို ရန်ကုန် -အရှေ့အနောက်သို့ ပါရမီလမ်းကြောင်းအတိုင်း ၂၀၂၁ တွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းအတွက် မြေယာလျော်ကြေးပေးရန် ယခုလ ၆ ရက်နေ့မှ စတင်၍ စစ်တမ်းများကောက်ယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသိရသည်။
ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီမံကိန်းဧရိယာအတွင်း မြေသိမ်းဆည်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြန်လည်နေရာချထားရေး ပံ့ပိုးမှုများပေးအပ်နိုင်ရန် အတွက် ယခုလ ၆ ရက်ကို အကျုံးဝင်သည့် နောက်ဆုံးရက်စွဲ Cut-Off Date (COD)အဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
JICA ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းမူဝါဒနှင့် နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများမှ ချမှတ်ထားသော စံနှုန်းများနှင့်အညီ ယခုနှစ် မေလ ၆ ရက်မှ ဇွန်လ ၃၀ ရက်ကာလသည် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို စစ်တမ်းကောက်ယူမည့် လျာထား ကာလဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြေသိမ်းပြီးတာနဲ့ ၂၀၂၁ မှာ စပြီး တည်ဆောက်မယ် ရန်ကုန်ကို လှိုင်သာယာကနေ စပြီးတော့ ပါရမီ ကားလမ်းအတိုင်း မြို့ထဲအထိ စဆွဲမယ်။ ဒုတိယအဆင့် က ရန်ကုန် တောင်ကနေ မြောက်အထိဆွဲမယ် ဒလ အထိပေါ့။ ဘဏ္ဍာရေးသုံးစွဲမှု အပိုင်းက ခန့်မှန်းတွက်ချက်ရ အုံးမှာဆိုတော့ ဒီ ၂၀၁၉-၂၀၂၀ မှာ မြေသိမ်းမှု အနေအထားတွေက ဘယ်လိုအနေထား ရှိမလဲဆိုတာ သူတို့ မခန့်မှန်းနိုင်သေးဘူးဆိုတော့ အဲ့တာကိုကြည့်မယ်။ ဘဏ္ဍာရေးပိုင်းက JICA က ကူညီမှာဆိုတော့ ဘယ်လိုချေးမလဲဆိုတာကို အသေးစိတ် အန်ကယ်တို့ စီမံကိန်းကော်မတီကို ထပ်ပြီးတင်ပြရဦးမှာပါ”ဟု ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
ယင်းစီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့-အနောက် ဆက်သွယ်သွားလာနိုင်မည့် ရထားလမ်းကြောင်း၏ အပိုင်း ၁ ဖြစ်သော (လှိုင်သာယာ – ပါရမီ ) လမ်းပိုင်းအရှည် ၁၈ ကီလိုမီတာကို ကနဦး တည်ဆောက်မည်ဖြစ်ပြီး လမ်းကြောင်းမှာ လှိုင်သာယာဘူတာမှစတင်ပြီး ရန်ကုန်-ပုသိမ်လမ်းအတိုင်း လှိုင်မြစ်ကို ဖြတ်ကျော်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိ ဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းကြောင်းအတွက် လိုအပ်သော လမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် (၂၉)မီတာနှင့် ပါရမီလမ်းတစ်လျှောက်တွင် (၂၂)မီတာ လိုအပ်မည်ဖြစ်သည်။
ထို့ပြင် လှိုင်သာယာဘူတာ ပရဝဏ်အတွင်း ရန်ကုန်မြို့ပြလူထု ရထားပို့ဆောင်ရေးစီမံကိန်း ယာဒ်ဝင်း တည်ဆောက်ရန်အတွက် ၅၄ ဒသမ ၃၆ ဧက (၂၂)ဟတ်တာ ၊ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ ၁၄ ဒသမ ၅ မီတာ အကျယ် ၊ ပါရမီလမ်း တစ်လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ (၁၁) မီတာအကျယ် တို့သည် ယင်းစီမံကိန်း ဆောင်ရွက်ရာတွင် အကျိုးသက်ရောက် မည့်နေရာများဖြစ်ကြောင်း သိရသည်။
စီမံကိန်းအကျုံးဝင်မည့် နောက်ဆုံးနေ့ ဖြစ်သော မေလ ၆ ရက် နောက်ပိုင်း အဆိုပါနယ်မြေများအတွင်း တည်ရှိနေသော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း ၊ တိုးချဲ့တည်ဆောက်ခြင်း ၊ အဆောက်အအုံအသစ် တည်ဆောက်ခြင်း ၊ မြေယာလွှဲပြောင်းခြင်း ၊ ရောင်းချခြင်းများအတွက် မြေယာလျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ၊ကရုဏာကြေး ပံ့ပိုးမည့် အစီအစဉ်များ ရရှိခံစားနိုင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသိပေးကြေညာထားသည်။
၂၀၁၉-၂၀၂၀ ခုနှစ်တွင် ရထားလမ်းကြောင်းပေါ်၌ ရှိသော နိုင်ငံပိုင် မြေများနှင့် ပုဂ္ဂလိကပိုင် မြေများကို သိမ်းဆည်းမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင် တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးမှာ ၂၀၃၅ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
ယင်းစီမံကိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။
Ref & Photo Credit : Fifthwavenews
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties