တိုက်ခန်းတွေမှာ ဆေးအသစ်ပြန်သုတ်ကြရင် ဘာကြောင့် ဆေးသားမခံတာလဲ။
 ဆေးသုတ်ပြီး မကြာဘူး ဆေးသားတွေ ပြန်ကွာကျလာတာမျိုး၊ နံရံမှာ ဖုဖောင်းလာတာမျိုး၊ ဆေးအလွှာတွေ အချပ်လိုက် ကွာကျလာတာမျိုး ဆိုရင် လူပင်ပန်း၊ ငွေကုန်တာသာရှိပြီး လှလှပပ ဘာမှအဖက်မတင်တဲ့ အိမ်တွင်းပြင်ဆင်မှု ဖြစ်သွားမှာပါ။ ဒီလို မလိုလားအပ်တဲ့ ပြဿနာတွေက သင်အိမ်ဆေးသုတ်တဲ့အခါ ဒီအချက်တွေ လုပ်မိနေလို့ပါပဲ။ 

မှန်ကန်တဲ့ ဆေးအမျိုးအစားကို မရွေးမိခြင်း

ဆေးသုတ်တဲ့အခါ နံရံ၊ မျက်နှာကျက်တွေအတွက်ဆိုရင် ရေဆေး၊ သစ်သား သံထည်ပစ္စည်းတွေအတွက်ဆိုရင် သင်္ဘောဆေးကို သုတ်ပေးရပါတယ်။

နံရံအဟောင်းမှာ ကပ်နေတဲ့ ဆေးသားအဟောင်းတွေကို ခြစ်မထုတ်ပစ်မိခြင်း

ဆေးသုတ်မယ်ဆိုရင် အရင်ဆုံး လုပ်ရမယ့် အရာက နံရံအဟောင်းမှာ ကပ်နေတဲ့ ဆေးသားအဟောင်းတွေကို ကုန်စင်သွားအောင် ခြစ်ထုတ်ပစ်လိုက်ဖို့ပါပဲ။ တချို့က ဆေးအဟောင်းပေါ်ကနေ ဆေးအသစ်ကိုထပ်သုတ် ပစ်လိုက်တာမျိုး ရှိပါတယ်။ အဲဒီအခါ ဘာဖြစ်လဲဆိုရင် ဆေးသားတွေ ကြွတက်လာတာမျိုး၊ နံရံမှာ အဖုအထစ်တွေ ဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ ဝေးဝေးက ကြည့်ရင်တော့ လှသယောင်ယောင် ရှိနိုင်ပေမယ့် အနီးကပ်ကြည့်ရင်တော့ စိတ်ပျက်သွားနိုင်မယ့် အနေအထားပါပဲ။ 



နံရံကို သန့်ရှင်းရေး သေချာပြန်မလုပ်ပဲ ဆေးသုတ်လိုက်မိခြင်း

နံရံမှာ ဖုန်မှုန့်တွေ ရှိနေတာမျိုး၊ နံရံမှာ ဆားပေါက်နေတာမျိုး၊ အစိုပျံနေတာမျိုး ရှိ၊မရှိ သေချာစစ်ဆေး သန့်ရှင်းရေး လုပ်ပြီးမှ ဆေးသုတ်သင့်ပါတယ်။ မဟုတ်ရင် ဆေးသားတွေ ကွာကျလာနိုင်လို့ လူပန်းရုံသာ ရှိပါမယ်။

ဆေးသုတ်ခါနီးမှာ ဆီလာ(ခံဆေး) မသုတ်မိခြင်း

ဆီလာခံဆေး အရင်သုတ်ပေးခြင်းဟာ ဆေးသား ပိုစွဲမြဲစေတာကြောင့် ဒီအဆင့်ကို ချန်ခဲ့လိုက်လို့ မရပါဘူး။ 

ရေတားဆေးမသုတ်မိခြင်း

တိုက်က ဟောင်းနေပြီဆိုရင် ရေငွေ့ရိုက်တဲ့ဒဏ်ကို ပိုခံနိုင်အောင် ရေတားဆေး နှစ်ထပ်လောက်ထိ (၃ နာရီ) လောက်ခြားပြီး သုတ်ပေးသင့်ပါတယ်။ ပြီးမှ ပတ်တီးရိုက်တာ၊ ကော်ပတ်စားတာတို့လုပ်ပြီး ဆီလာတစ်ခေါက်ပြန်သုတ်၊ ပြီးရင်တော့ ဆးသုတ်လို့ရပါပြီ။ မဟုတ်ရင်တော့ ရေစိမ့်ပြီး ဆေးသားတွေ မည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ 

အိမ်သုတ်ဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကျန်းမာရေးကို ဆိုးကျိုးတွေ ဖြစ်ပွားစေနိုင်တာကြောင့် အိမ်ဆေးသုတ်တဲ့အခါ 

- နှာခေါင်းစည်း၊ မျက်နှာအုပ် Mask ဝတ်ဆင်ခြင်း
- ဆေးနဲ့ အရေပြား တိုက်ရိုက်မထိတွေ့နိုင်အောင် အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ခြင်း
- ဆေးအငွေ့တွေ အပြင်ဘက်ထွက်သွားနိုင်အောင် ပြတင်းပေါက်ကို ဖွင့်ထားခြင်း
- ဆေးသုတ်ထားတဲ့ အခန်းထဲမှာ အချိန်အကြာကြီး နေခြင်းတို့လည်း သတိပေးလိုက်ပါတယ်နော်။

မိတ်ဆွေများအားလုံး လှပတဲ့ အိမ်ကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

Wirtten By : Lily ( ShweProperty.com )