By Myanmar Times, Shweproperty.com
Updated at 19 October 2015
ဒလ - ပန်းဆိုးတန်းတံတားစီမံကိန်းအတွက် မြေနေရာဖယ်ပေးရန် အပြီးသတ်သဘောတူချက် လက်မှတ်ရေးထိုးခြင်းကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
"အခုလိုရေးထိုးတဲ့အခါမှာ ကျွန်တော်တို့လည်း ပါဝင်မှာပါ။ ဒလမြို့နယ်ထဲက လူကြီးပိုင်းဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းတွေရှိပါတယ်။ အားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပါတယ်။ ရက်ကိုတော့ စိစစ်နေတုန်း ဖြစ်ပါတယ်။ တံတားစီမံကိန်းက အကောင်အထည်ပေါ်လာမှာ အမှန်ပါပဲ" ဟု ဒလမြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးတင်လိူင်က ပြောသည်။
အဆိုပါ တံတားကို တောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအဖြစ် တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၈ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
တံတားစီမံကိန်းအတွက် နေအိမ်အလုံး ၉၀ ဖယ်ရှားပေးရမည်ဖြစ်ရာ လျော်ကြေးအဖြစ် တစ်ပေပတ်လည် ကျပ်တစ်သောင်း ငါးထောင်နှုန်းဖြင့် တွက်ချက်ပေးလျော်မည်ဟု ဆိုထားသော်လည်း မြို့နယ် လူထု၏ ဆန္ဒကိုလည်း ဦးစားပေးသည့်အနေဖြင့် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်က ပြောသည်။
ဒလမြို့နယ်အတွင်း ဗိုလ်မင်းရောင်လမ်း ဘေးဝဲယာရှိ မူလွန်အမက ၉ နှင့် အထက ၂ တည်ရှိရာတွင် စီမံကိန်းအတွက် ဝင်းထရံများ ကာရံမည်ဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ ဖြတ်သန်းသွားလာရန် လမ်းလွဲပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် ဗိုလ်မင်းရောင်လမ်းမှ ပြန်လည် ခွဲထွက်သည့် လမ်းခွဲများဖြစ်သည့် နှင်းဆီလမ်းနှင့် မုတ္တမလမ်းတို့အနက် မုတ္တမလမ်းသို့ လမ်းလွှဲတစ်ခုကို မြို့တော်စည်ပင်က စတင် တည်ဆောက်နေပြီဖြစ်သည်။
"မုတ္တမလမ်းကိုတော့ လမ်းလွှဲတည်ဆောက်ပေးနေပြီ။ ဦးစားပေး အဆင့်အနေနဲ့ ပြုလုပ်ပေးဖို့အတွက် ဘတ်ဂျက်အနေအထားအရ နှင်းဆီလမ်းကိုလည်း လုပ်ပေးမယ်လို့တော့ သိရပါတယ်။ နှင်းဆီလမ်းကိုတော့ လမ်းလွှဲတည်ဆောက်ပေးဖို့ကို ဘယ်အချိန်စမလဲ မသိရသေးပါဘူး။ လမ်းခွဲတွေကနေတစ်ဆင့် လမ်းလွှဲလုပ်ပေးထားမှ ကျောင်းသားတွေ အဆင်ပြေပြေ အန္တရာယ်ကင်းကင်းနဲ့ တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးသန်းလှိုင်က ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Focus Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties