By myanmar times, Shweproperty.com
Updated at 4 September 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) မှပန်းဆိုးတန်း လူသွား ခုံးကျော် တံတားအား နန်းသီတာဆိပ်ကမ်းအနီး ကမ်းနားလမ်းနှင့် လမ်းသစ်လမ်းတို့ကိုဖြတ် ကာ တည်ဆောက်လျက်ရှိပြီး ယခုအခါတွင် စီမံကိန်း၏ ၅၀ ရာခိုင်ရာခိုင်နှုန်းခန့်ပြီးစီး နေပြီး လာမည့် အောက်တိုဘာလ ဒုတိယပတ်ခန့်တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထား ကြောင်း အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦးက မြန်မာတိုင်း(မ်) ကိုပြောသည်။
"ပန်းဆိုးတန်း ခုံးကျော်တံတားက တစ် ဝက်လောက်ပြီးစီးနေပါပြီ။ အဲဒီနေရာက ယာဉ်ကြောသွားလာမှုရော လူသွားလာမှု ရော အရမ်းရှုပ်ထွေးတဲ့အတွက် သွားလာ သူ တွေ အန္တရာယ်ကင်းအောင် တည်ဆောက်ပေး တာပါ။ ကျွန်တော်တို့ စည်ပင်သာယာကပဲဦးစီးပြီး ဒီဇိုင်းရောတည်ဆောက်မှုပိုင်းပါ တာဝန်ယူဆောက်နေတာပါ။ အောက်တိုဘာ ဒုတိယပတ်လောက် ပြီးမယ် လို့ မှန်းထားပါ တယ်" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ ယဉ်လမ်းကြောရှုပ်ထွေးသည့် နေရာသုံးနေရာတွင် လူသွားခုံးကျော် တံတား သုံးစင်းကို အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်အတွင်း ပြည်လမ်းမ ပေါ်ရှိ ခရေပင်လမ်းခွဲအနီး လှသောင်းကျောင်းရှေ့တွင် လူသွားခုံးကျော်တစ်စင်း အား ဇူလိုင်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ပန်းဆိုးတန်းခုံးကျော်တံတားနှင့် ကမ္ဘာ့အေးလမ်းမပေါ်ရှိ ကမ္ဘာအေးဘုရားအနီး ဂမုန်းပွင့်ဈေးဝယ်စင်တာရှေ့တွင် ခုံးကျော်တံတားများ ဆက်လက်တည်ဆောက်နေခြင်းဖြစ်သည်။ ခုံးကျော်တံတားများအနက် ပန်းဆိုးတန်းခုံးကျော်တံတားမှာ အရှည်ဆုံးဖြစ်ပြီး ၂၁၁ ပေအရှည်ရှိကာ စက်လှေကားနှစ်စင်းနှင့် ရိုးရိုးလှေကား လေးစင်းတို့အား ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။
ကမ္ဘာအေးခုံးကျော်တံတားမှာ အရှည် ၉၅ ပေခန့်သာရှိပြီး စက်လှေကားပါရှိပြီး နိုဝင်ဘာလအတွင်း ပြီးစီးရန် ခန့်မှန်း ထားသည်။ သို့သော် မင်္ဂလာဒုံ ပြည်လမ်းပေါ်ရှိ လူကူးခုံးကျော်တံတားမှာ စက်လှေကားမပါရှိဘဲ ရိုးရိုးလှေကားလေးစင်းဖြင့် တည်ဆောက်ထားသည်။
"စည်ပင်သာယာက ဒီလိုမျိုး လူသွား ခုံးကျော်တံတားတွေ တည်ဆောက်ပေးရတာ ကတော့ရန်ကုန်မြို့က ယဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေမှာ လမ်းသွားလမ်းလာတွေ အန္တရာယ်ကင်းကင်းသွားလာနိုင်အောင်နဲ့ တံတားပေါ်ကနေ သွားလာရတဲ့အတွက် အချိန်ကုန်လည်း သက်သာစေအောင်လို့ပါ။ အဓိကကတော့ သွားလာတဲ့ ပြည်သူတွေ ရှုပ်ထွေးတဲ့နေရာတွေမှာ လမ်းကူးတဲ့အခါ အန္တရာယ်မရှိဘဲ သွားလာနိုင်ဖို့ရည်ရွယ်ပြီး စည်ပင်သာယာရဲ့ဘဏ္ဍာနဲ့ လူသွားခုံးကျော် တံတားသုံးစင်း ဆောက်ပေးဖို့ စီစဉ်ခဲ့တာပါ" ဟု ဦးအောင်ထွန်းဦးက ပြောသည်။
စည်ပင်သာယာမှ တံတားတည်ဆောက်မှု ပိုင်းနှင့် ဒီဇိုင်းပြင်ဆင်မှုများကြောင့် ဘဏ္ဍာ သုံးစွဲမှုကိုမတွက်ချက်ရသေးသည့်အတွက် ကုန်ကျစရိတ်ကို လက်ရှိတွင် မခန့်မှန်းနိုင်သေးကြောင်းနှင့်ယင်းတံတားသုံးစင်းတည်ဆောက်ပြီးစီးပါက လာမည့်နှစ်အတွင်း နောက်ထပ် လူကူးခုံးကျော်တံတားတည်ဆောက်ရန် လျာထားမှုများ မရှိသေးကြောင်း ၎င်းက ပြောသည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties