By Myanmar Times, Shweproperty.com
Updated at 14 October 2015
လူနေထိုင်ခြင်း မရှိသည့် မြို့စွန်ရပ်ကွက်များ၏ ပါမစ်ပျောက် မြေဂရန်လျှောက်ထားမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခေတ္တရပ်ဆိုင်းလိုက်သည်။
မသမာသူများက မြေဂရန်ပျောက်ဆုံးကြောင်း လာရောက်လျှောက်ထားလာခြင်း၊ အဆင့်ဆင့် လိမ်လည်ရောင်းချခြင်းတို့ကြောင့် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးသန်းလွင်ဦးက့ ပြောသည်။
"ဒီလဆန်းကတည်းက ရပ်လိုက်တာပါ၊ ရက်အတိအကျတော့ မမှတ်မိပါဘူး၊ လူလည်တွေက မြေကွက်ပိုင်ရှင်တွေရဲ့နာမည်တွေကို ရတဲ့နေရာစုံကစုံစမ်းပြီး ပါမစ်ပျောက် ဂရန် လာလျှောက်တယ်၊ ရဲစခန်းထောက်ခံချက်တွေလည်း ပါလာတယ်၊ မသမာမှုတွေလည်းရှိတော့ လတ်တလော ပါမစ်ပျောက်မြေဂရန် ထုတ်ပေးမှုကို ဆိုင်းငံ့ထားလိုက်တာပါ၊ ဘေးပတ်ဝန်းကျင်မှာ လူနေအိမ်တွေရှိရင်တော့ ထုတ်ပေးနေပါတယ်၊ ဝန်ထမ်းတွေကိုချထား ပေးတဲ့မြေကွက်တွေ ဖြစ်တာများတဲ့အပြင် ချထားပေးတာကလည်း နှစ်ပေါင်းများစွာကြာပြီး အိမ်ဆောက်လုပ်ခြင်း မရှိဘဲ ကွင်းပြောင်ပြောင်ဖြစ်နေတဲ့ ရပ်ကွက်တွေမှာ သူတို့ မြေကွက်အပိုင်ဖြစ်သယောင်ယောင် လုပ်ပြီး အဆင့်ဆင့် ပြန်လည်ရောင်းစားတာတွေရှိတယ်၊ နောက်ပိုင်းကျမှ ပိုင်ရှင်အစစ်အမှန်တွေ ပေါ်လာတာတွေကြောင့် အခုလို ရပ်နားထားတာပါ"ဟု ၎င်းက ပြောသည်။
အဆိုပါမြိ့နယ်များမှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်သည်။
"အခုလို ရပ်ကွက်တွေကို ပါမစ်ပျောက် ဂရန်မထုတ်ပေးသေးဘူးဆိုတာကို အများပြည်သူ သိရှိအောင် လုပ်သင့်တယ်၊ ဘယ်တော့ ပြန်ချပေးမလဲဆိုတာပါ သတင်းစာတွေထဲထည့်ပြီး ကြော်ငြာမှ အန်တီတို့က အလုပ်ကိုသေသေချာချာ လုပ်လို့ရမှာ၊ ဈေးကွက်ထဲမှာကတော့ ပါမစ်အတုတွေကော၊ ဂရန်အတုတွေကော၊ လက်ညှိးထိုးပြီး အဆင့်ဆင့်ရောင်းစား ထားတာတွေနဲ့ပါ ရှုပ်နေတယ်"ဟု ဒဂုံမြို့သစ် အရှေ့ပိုင်း၊ အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နီလာကျော်က ပြောသည်။
"ဈေးသက်သာတာကြောင့် မြေကွက်ဝယ်မယ်ဆိုပြီး သူတို့ပြောတဲ့ နာမည်နဲ့ အမည်ပေါက် သွားစစ်တော့လည်း အမှန်ပဲ၊ ဒါပေမဲ့ စာရွက်စာတမ်းက အတုဖြစ်နေလို့ ရောင်းတဲ့သူတွေကိုကော၊ ပွဲစားတွေကိုပါ တရားစွဲထားတယ်" ဟုဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃၁ ရပ်ကွက်တွင် မြေကွက်ဝယ်ယူထားသူ ကိုစိုးရှိန်(အမည်လွှဲ) ကပြောသည်။
Ref : Myanmar Times
Photo Credit : Mekong
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties