By Ra Wai, Shweproperty.com
Updated at 5 August 2020
ကိုဗစ်ရောဂါကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးလာခြင်းကို ကုစားရန်၊ နိုင်ငံတွင်း ငွေကြေးလည်ပတ်မှုအားကောင်းစေရန်နှင့် ဆောက်လုပ်ရေးကဏ္ဍ အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ ဝန်ကြီးချုပ်ဦးနုအစိုးရလက်ထက် ရန်ကင်းပြည်တော်သာစီမံကိန်းများကဲ့သို့ နိုင်ငံတော်အငှားအိမ်ရာစီမံ ကိန်းတခု အကောင်အထည်ဖော်ရေးကို စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ယင်းအငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့၏ ကိုဗစ်ကာလဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်လအတွင်းကပြုလုပ်သည့် ဆွေးနွေးမှုအပြီးတွင် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဘဏ္ဍာရေးဝန်ကြီး၊ စီးပွားရေးဝန်ကြီးတို့နှင့်တိုင်ပင်၍ လက်ခံလိုက်ခြင်းဖြစ်ကြောင်း မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
''ဒီအိမ်ရာစီမံကိန်းက နိုင်ငံတော်ဘတ်ဂျက် အများကြီးသုံးရမှာဖြစ်သလို စီမံကိန်းကလည်းကြီးတဲ့အတွက် ဒါကို ဘဏ္ဍာအခွန်ဘက်က သဘောတူမှဖြစ်မှာပေါ့။ လောလောဆယ် အဲဒါကို စောင့်နေရတယ်။ ဒါကောင်းတာလုပ်တာပဲ။ လုပ်တဲ့အချိန်မှာလည်း ကိုယ်ပြည်တွင်းက အင်အားကိုအကုန်သုံးတာ''ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းနိုင်က ပြောသည်။
နိုင်ငံတော် အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးသုံးမြို့တွင် ဖော်ဆောင်မည်ဖြစ်ပြီး စီမံကိန်းအသေးစိတ်ကို လာမည့်တပတ်အတွင်း ပြည်ထောင်စုအစိုးရမှ ကြေညာပေးနိုင်ရေးစီစဉ်နေကြောင်း သိရသည်။
''ဒီကာလမှာ ကိုဗစ်ဖြစ်လို့ အလုပ်အကိုင်အဆင်မပြေတာကြောင့် အိမ်ငှားခမပေးနိုင်တာတွေရှိနေတယ်။ ဒီအိမ်ရာစီမံကိန်းက လက်ရှိအိမ်ငှားခစျေးထက် ထက်ဝက်လောက်အထိ သက်သာသွားမယ်။ ပြည်သူတွေအတွက် အကျိုးရှိတယ်။ အစိုးရအနေနဲ့က ငွေကြေးအားဖြင့် အကျိုးမရှိဘူး။ စီးပွားရေးအရကြည့်ရင် အစိုးရ ရင်းနှီးမြှုပ်နှံမှုက ပလုံသွားတာပဲ။ ဒါပေမဲ့ ကိုဗစ်ကာလ လုပ်ငန်းရပ်ဆိုင်းနေခြင်းအတွက် အလုပ်အကိုင်ဖန်တီးပေးမယ်ဆိုရင် ဆောက်လုပ်ရေးကဏ္ဍဘက်အား ပေးသင့်တယ်''ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
ထိုအငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် တနှစ်လျှင်နိုင်ငံတော် ဘတ်ဂျက် ကျပ် ဘီလီယံ ၂၅ဝ ခွင့်ပြုနိုင်ပါက စတုရန်းပေ ၆၅ဝ၊ အိပ်ခန်း နှစ်ခန်းပါအငှားတိုက်ခန်း ၁ဝ,ဝဝဝ တည်ဆောက်ပေးနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက တင်ပြခဲ့ထားသည်။
လက်ရှိ ရန်ကုန်မြို့တွင် အိမ်ရာမရှိ ပြည်သူများအတွက် တလငွေကျပ် ၃ဝဝဝဝ နှင့် ဗန္ဓုလအငှားအိမ်ရာများ၊ တည်ဆောက်ငှားရမ်းထားသော်လည်း ယခုအကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတော်အဆင့် အငှားအိမ်ရာစီမံကိန်းသည် ယခင်ဝန်ကြီးချုပ်လက်ထက် ဦးနုလက်ထက်က အကောင်အထည်ဖော်ခဲ့သည့် ရန်ကင်းပြည်တော်သာအငှားအိမ်ရာစီမံကိန်းမျိုးဖြစ်၍ ရင်းနှီးမြှုပ်နှံမှု အလွန်များပြားမည်ဖြစ်ကြောင်း သိရသည်။
Credit By: News Watch
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties