By Myanmar Times, Shweproperty.com
Updated at 6 August 2015
မြန်မာပြည်နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုကဲ့သို့ ရေကြီးရေလွှမ်းမှုများ နောင်နှစ်များတွင် မဖြစ်ပေါ်စေရန် အင်ဂျင်နီယာနည်းပညာများဖြင့် ကြိုတင်ကာကွယ်ထိန်းသိမ်းနိုင်ကြောင်း မြို့ပြဆိုင်ရာ၊ အခြေခံ အဆောက် အအုံဆိုင်ရာနှင့် အင်ဂျင်နီယာဆိုင်ရာ အကြံပေးစီမံခန့်ခွဲမှုများကို ပြုလုပ်ပေးလျက် ရှိသည့် စင်ကာပူအခြေစိုက် Surbana Jurong Privated Limited ၏ လုပ်ငန်းအစုအဖွဲ့ဆိုင်ရာ အမှုဆောင်အရာရှိချုပ် မစ္စတာ ဝေါင်ဟိုင်က ပြောသည်။
"မိုးသည်းထန်စွာရွာမှုကြောင့် မြစ်ရေ ကြီးပြီး ရေလွှမ်းမိုးမှုတွေက နိုင်ငံတိုင်းလိုလို ဖြစ်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က လည်း စင်ကာပူနိုင်ငံမှာ ဒီလိုရေကြီးမှုတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီလိုရေကြီးမှုတွေ မဖြစ်အောင် အင်ဂျင်နီယာနည်းပညာနဲ့ မြစ်တွေ ကို ဘေးဘက်ကို ချဲ့တာ၊ မြေအောက်ကို အနက်တူးတာတို့ကို လုပ်ပြီး မြစ်ရေမကြီး အောင် ထိန်းသိမ်းနိုင်ပါတယ်" ဟု နှစ်ပေါင်း ၃၀ ကျော်ကြာ မြို့ပြ၊ အခြေခံအဆောက် အအုံနှင့် အင်ဂျင်နီယာဆိုင်ရာ အကြံပေး လုပ်ဆောင်သူ ၎င်းကပြောသည်။
ထို့ပြင် မစ္စတာ ဝေါင်ဟိုင်သည် ဩဂုတ် ၃ ရက် မနက်ပိုင်းတွင် ဆောက်လုပ်ရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည့်ရာ ဆောက်လုပ်ရေး ဝန်ကြီးက ယခုကဲ့သို့ နိုင်ငံတွင် ရေကြီးမှု များကို ကြိုတင် ထိန်းသိမ်းကာကွယ်နိုင် သည့် နည်းလမ်းများနှင့် ကာကွယ်နိုင်မည့် အခြေအနေများကိုမေးမြန်းခဲ့ပြီး ဝန်ကြီးဌာနက အဆိုပါကုမ္ပဏီကို နည်းပညာပိုင်းဆိုင်ရာ အကြံပေးစီမံခန့်ခွဲမှုအဖြစ် ငှားရမ်းပါက ၎င်းတို့ ဘက်က လုပ်ဆောင်ပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော် ဒီနေ့မနက်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးက ကျွန်တော့်ကို လက်ရှိ မြန်မာနိုင်ငံမှာ ရေကြီး နေတာနဲ့ပတ်သက်ကြီး နောက်မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းပညာပိုင်းနဲ့ပတ်သက် ပြီး မေးမြန်းခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က လည်း ဝန်ကြီးဌာနက ကမ်းလှမ်းရင် ဘယ်လိုမျိုး ကူညီပေးနိုင်တာတွေကို ရှင်းပြပေးခဲ့ပါ တယ်။ တကယ်တော့ အင်ဂျင်နီယာနည်းပညာနဲ့ဆို မဆောက်လုပ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ရေမကြီးအောင် မြစ်တွေကို ချဲ့တာတို့၊ အမှိုက်တွေ ဖယ်ရှားတာတို့ လုပ်နိုင်ပါတယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ရေကြီးမှုများကို Geotechnology နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်း၍ ကာကွယ်နိုင်ပြီး မြေအောက်နှင့်ပတ်သက် သည့် နည်းပညာများ၊ မြစ်များကို ချဲ့ထွင်သည့် နည်းပညာများဖြင့် ကာကွယ်နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးကို ပြောပြခဲ့ ကြောင်း ၎င်းကပြောသည်။ "ဂျပန်နိုင်ငံ တိုကျိုမှာဆိုရင် မြေနိမ့်ပိုင်း နေရာတွေ ရှိတယ်။ အဲဒီနေရာတွေက မြေအောက်ပိုင်းကို အနက်ကြီးတူးထားပြီး ရေတွေကို အဲဒီအောက်ဘက်မှာ လှောင်ထားတယ်။ မိုးအရမ်း ရွာရင်လည်း အဲဒီအထဲကို ရေ တွေကျပြီး အပေါ်ကိုရေမလျှံအောင် လုပ်ကြ တယ်။ ရေများလာတဲ့အချိန်ကျရင် အဲဒီအထဲကရေတွေကို စုပ်ထုတ်ပေးတယ်။ ဒီလိုနည်းတွေနဲ့ လုပ်နိုင်တဲ့အကြောင်း ဝန်ကြီးကို အကြံပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် မြို့တစ်မြို့စတည်ချိန်တွင် အခြေခံ အဆောက်အအုံများစွာ မရှိသေးသည့်အတွက် သစ်ပင်များ၊ သစ်တောများကြောင့် ရေစိမ့်ဝင်မှုများပြားပြီး ရေကြီးရေလျှံမှု ဖြစ်နှုန်း နည်းသော်လည်း အခြေခံ အဆောက်အအုံ များ တည်ဆောက်လာမှု များပြားလာသည့် အချိန်တွင် သစ်ပင်၊ သစ်တောများ လျော့နည်း လာသဖြင့် ရေလျှံမှု ဖြစ်ပေါ်နိုင်သည့် အတွက် မြို့စတင်တည်ထောင်ကတည်းကပင် ရေထိန်းသိမ်းမှုကို ကြိုတင်စီမံထားသင့်ကြောင်း ၎င်းကသုံးသပ်သည်။
"ကျွန်တော်တို့အနေနဲ့ လုပ်ပေးနိုင်တဲ့ အပိုင်းကတော့ ရေတွေမြင့်တက်လာတာတွေကို ဘယ်လိုဆောက်လုပ်ရေးပုံစံမျိုးနဲ့ လုပ်ပေးလို့ရလဲဆိုတာတွေကို ကုမ္ပဏီအနေနဲ့ ဝန်ကြီးဌာနက လိုအပ်မယ်ဆိုရင် အကြံပေး နိုင်ပါတယ်။ ဒီလိုမြို့တွေမှာ အခုလို ရေကြီး ရေလျှံမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ကလည်း စနစ်တကျ နည်းပညာပိုင်းနားလည်တဲ့ အကြံပေးကုမ္ပဏီနဲ့ သေချာ လုပ်မှအဆင်ပြေနိုင်မှာပါ" ဟု မစ္စတာ ဝေါင်ဟိုင် က ပြောသည်။ ယခုကဲ့သို့ သဘာဝဘေးန္တရာယ် တစ်ခု ဖြစ်သည့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန် အတွက် မြို့တစ်မြို့တွင် အခြေခံအဆောက်အအုံကိုစနစ်တကျတည်ဆောက် ထားသင့်ကြောင်းနှင့် အခြေခံအဆောက်အအုံကောင်းများ တည်ဆောက်ရန်မှာလည်း ရိုးရှင်းသည့်နည်းစနစ်များဖြင့် အချိန်ယူတည်ဆောက် နိုင်လျှင် ရနိုင်ကြောင်း ၎င်းကပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties