By Myanmar Times, Shweproperty.com
Updated at 8 February 2019
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးစားပေးအကောင်အထည်ဖော်သွားမည့် စီမံကိန်း ၃ဝ ကို ၂ဝ၁၉ ခုနှစ် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် အစိုးရအဖွဲ့က ချပြခဲ့သည်။
အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အရ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းနှင့် မြို့ပြဖွံ့ဖြိုးရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့်ကဏ္ဍသုံးကြီးသုံးရပ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကဏ္ဍကြီးသုံးရပ်အတွင်းမှ စီမံကိန်း ၃ဝ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
''မြန်မာ့ဖွံ့ဖြိုးရေးမှာ အခြေခံအဆောက်အအုံ လိုအပ်မှုကွာခြားချက် စိန်ခေါ်ချက်တွေရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ လျှပ်စစ်ထုတ်လုပ်မှု အနည်းဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ကုန်သွယ်မှုမြှင့်တင်ဖို့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်တင်ဖို့ လိုနေပါတယ်။ ဒီလိုအပ်ချက်ကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းအဖြစ် ပြောင်းလဲဖို့လိုပါတယ်''ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Invest Myanmar Summit ၂ဝ၁၉ ဖွင့်ပွဲ အမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။
အစိုးရအဖွဲ့က အခြေခံအဆောက်အအုံ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဦးစားပေးဆောင်ရွက်နေလျက်ရှိရာ ၎င်းကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းကို အဓိကထားလုပ်ဆောင်နေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်းက ပြောသည်။
သယ်ယူပို့ဆောင် ဆက်သွယ်ရေးကဏ္ဍကြီးတွင် ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းငါးခု၊ လေဆိပ်စီမံကိန်းနှစ်ခု၊ ရထားလမ်းစီမံကိန်းနှစ်ခု၊ ဟိုင်းဝေးလမ်းစီမံကိန်းခုနစ်ခု၊ တံတားစီမံကိန်းတစ်ခုနှင့် အခြားစီမံကိန်းတစ်ခုတို့ ပါဝင်သည်။
ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းများကို ၂ဝ၂၁ ခုနှစ် အပြီးတည်ဆောက်ရန် လျာထားပြီး ဧရာဝတီမြစ်အတွင်း ဗန်းမော်၊ ပခုက္ကူနှင့် မကွေး သုံးနေရာနှင့် ချင်းတွင်းမြစ်အတွင်း ကလေးဝနှင့် မုံရွာဆိပ်ကမ်းနှစ်ခု ပါဝင်သည်။
ရထားလမ်းစီမံကိန်းတွင် မန္တလေး-မူဆယ် ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် တမူး-ကလေး ရထားလမ်းသစ်စီမံကိန်းတို့ ပါဝင်သည်။ လေဆိပ်စီမံကိန်းတွင် မြောက်ဦးနှင့် သံတွဲလေဆိပ်စီမံကိန်း ပါဝင်သည်။ အမြန်လမ်းစီမံကိန်းတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပုသိမ်၊ ရန်ကုန်မြို့တွင်း အမြန်လမ်း၊ ရန်ကုန်မြို့ပြင် အမြန်လမ်း၊ နေပြည်တော်-ကျောက်ဖြူ အမြန်လမ်း၊ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းနှင့် မြစ်ကြီးနား-ထီးချိုင့် အမြန်လမ်းစီမံကိန်းများ ပါဝင်သည်။ ၎င်းစီမံကိန်းများအနက် မန္တလေး-မူဆယ် ရထားလမ်းသစ် စီမံကိန်းကိုမူ ကန်ဒေါ်လာ သန်း ၅ဝဝ အထက်နှင့် ၂ဝ၂၈ ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် စီမံကိန်း ဖြစ်သည်။
စက်မှုနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍကြီးတွင်မူ ကန်ဒေါ်လာ သန်း ၅ဝဝ အထက် လျာထားသည့် လှည်းကူးမြို့က အစိမ်းရောင်စီးပွားရေးမြို့တော် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပြင်ဦးလွင်မြို့က မန္တလေးအပန်းဖြေဝန်ဆောင်မှု မြို့သစ်စီမံကိန်းနှစ်ခုတို့ ပါဝင်သည်။ ထို့ပြင် မကွေးတိုင်း ချောက်၊ ဆိပ်ဖြူနှင့် အောင်လံမြို့တို့တွင် တည်ထောင်မည့် ဓာတ်မြေသြဇာစက်ရုံစီမံကိန်းသုံးခု၊ ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် ဆောင်ရွက်မည့် New Integrated Refinery and Petrochemical Complex နှင့် လှိုင်သာယာမြို့နယ်တွင် ဆောင်ရွက်မည့် Myanmar Industrial Waste Water Public Private စီမံကိန်းနှစ်ခု တို့ ပါဝင်သည်။
လျှပ်စစ်စွမ်းအင်ကဏ္ဍကြီးတွင်မူ လျှပ်စစ်စွမ်းအင်စီမံကိန်းငါးခု ဆောင်ရွက်ရန် လျာထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ဆိုလာစွမ်းအင် စီမံကိန်း၊ ရန်ကုန်မြို့တွင် ဆောင်ရွက်မည့် ဓာတ်ငွေ့လောင်စာစွမ်းအင်စီမံကိန်း၊ မန္တလေးတိုင်း ကျောက်ဆည်မြို့တွင် ပြုလုပ်မည့် ပြန်ပြည့်မြဲ ရေအား လျှပ်စစ်စီမံကိန်းနှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့တွင် ပြုလုပ်မည့် သောက်ရေကန်ရေအားလျှပ်စစ်စီမံကိန်းနှင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပြုလုပ်မည့် လေအားလျှပ်စစ် စီမံကိန်းတို့ ပါဝင်သည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties