By Myanmar Times, Shweproperty.com
Updated at 3 December 2015
နောက်တက်လာမည့် အစိုးရသစ်လက်ထက်တွင် အိမ်ခြံမြေဈေးကွက်၌ အိမ်မြေဈေးနှုန်း များ မြင့်တက် လှုပ်ခတ်ခြင်းထက် ပုံမှန် လည် ပတ် အလုပ်လုပ်နိုင်သည့် ဈေးကွက်ဖြစ်ပေါ် ဖန်တီးနိုင်ရေးကိုသာ ပိုမို မျှော်လင့်ကြောင်း လုပ်သက်ရင့် အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အိမ်မြေဈေးကွက်၌ အရောင်းအဝယ် ကောင်းမွန်သော နေရာများမှာ အရောင်း အဝယ် အေးနေပြီး အငှားဈေးကွက်ကိုသာ အားထား လုပ်ကိုင်နေရသည်။
မန္တလေး အိမ်ခြံမြေဈေးကွက်တွင်လည်း ပြီးခဲ့သော ၂၀၁၁ ခုနှစ် ကုန်ပိုင်း၌ မြေဈေးနှုန်း ကစား ခြင်းဖြစ်ပေါ်ပြီး ဈေးနှုန်းများ တစ်ဟုန်ထိုး မြင့်တက်ပြီးနောက်တွင် အရောင်း အဝယ် ငြိမ်သက်သွားခဲ့ကာ ယခုအထိ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရ သည်။ "လူအများစုက အိမ်ခြံမြေဈေးကွက် ကောင်းတယ်ဆိုရင် ဘာကို ပြေးမြင်တတ်ကြသလဲ ဆိုတော့ ဈေးနှုန်းတွေ မတန်တဆ မြင့် လာတာကို မြင်တတ်ကြပါတယ်။ တကယ် တော့ ဈေးကွက်ကောင်းတယ်ဆိုတာ ဈေးနှုန်း အလှုပ်အခတ်များမှ မဟုတ်ပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်လည်ပတ် အလုပ် လုပ်နိုင်မှ ဈေးကွက်ကောင်းတယ်လို့ ပြောချင်ပါတယ်"ဟု မန္တလေးမြို့ရှိ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ယခုလ ၁ ရက်တွင် ပြောသည်။
အစိုးရအဖွဲ့သစ်အနေဖြင့် လုပ်ဆောင် စရာကဏ္ဍများစွာထဲ၌ တရားဥပဒေစိုးမိုးမှုကို ဂရုပြု ကိုင်တွယ်သွားမည်ဟု ယုံကြည် ကြောင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရေချိန်မြင့်လာမည်ဟု ထင်မြင် ကြောင်းလည်း ဦးဝဏ္ဏစိုးက ပြောသည်။ "မြေရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေ တည် တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသားဖြစ်ရင် ဈေးနှုန်း အလှုပ်အခတ်လည်း မများနိုင် ပါဘူး"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သော ၂၅ နှစ်တာကာလအတွင်း ၁၉၉၇ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် မန္တလေး အိမ်ခြံမြေဈေးကွက်၌ အရောင်းအဝယ် လှုပ်ခတ်မှုနှင့် ဈေးနှုန်းပြောင်းလဲ ခြင်းများ သိသာစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ငွေကြေးဝင်ရောက်ကစားမှုကြောင့် ပုံမှန် မဟုတ်သောဈေး ကွက် ဖြစ်ပေါ်အပြီးတွင် အိမ်မြေဈေးကွက်မှာ အရောင်းအဝယ် ငြိမ်သွားတတ်ပြီး ပုံမှန်ပြန်ဖြစ်မည့် အချိန်ကို မှန်းဆရန် ခက်ခဲကြောင်း မြို့သစ်မှ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။
"ဈေးကစားသူတွေကြောင့် ဈေးကွက် ဝရုန်းသုန်းကား ဖြစ်ပြီဆိုရင်တော့ ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ အဲဒီအချိန်မျိုးဆို ဈေးနှုန်း က ဆိုသလောက် အရောင်းအဝယ် ဖြစ်နေ တော့ အပြိုင်အဆိုင် ရောင်းကြဝယ်ကြတော့ တာပဲ။ ဒါပေမဲ့ ဈေးကွက် ရုတ်ခြည်းငြိမ်သွား ပြီဆိုရင် လက်ထဲမှာ အမြင့်ဈေးနှုန်းနဲ့ ဝယ်ထားသူတွေ ပိုက်မိကုန်တယ်။ လျှော့ဈေးနဲ့ လည်း ပြန်မရောင်းနိုင်ကြတော့ ဈေးကွက်က ပုံမှန်မလည်ပတ်နိုင်တော့ဘူး"ဟု ဦးအောင်ဝင်းက ပြောသည်။
ယခင်က အိမ်မြေရောင်းဝယ်ရာ၌ ဝယ်ယူသူက ပေးဆောင်ရမည့် အခွန်နှုန်းထားကို တန်ဖိုးကျပ်သိန်း ၅၀၀ နှင့် အောက် ကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ၁,၅၀၀ ကို ၁၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၁, ၅၀၀ မှ ၃, ၀၀၀ ကို ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃, ၀၀၀ အထက် ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့သည်။ ယခုနှစ် တွင် အိမ်မြေတန်ဖိုး ကျပ်သိန်း ၁, ၀၀၀ အထိ ကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁, ၀၀၀ မှ ၅,၀၀၀ အထိ ငါးရာခိုင်နှုန်း၊ ကျပ် သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင်နှုန်းသို့ ဖြေလျှော့ သတ်မှတ်ပေးထားသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties