By Myanmar Times, Shweproperty.com
Updated at 27 October 2015
ရန်ကုန်တိုင်းဒေသအတွင်း ယခုနှစ်အိမ်ခြံမြေ အခွန်ကောက်ခံရရှိမှုသည် ပြီးခဲ့သည့်ဘဏ္ဍာ နှစ်ထက် သုံးပုံနှစ်ပုံခန့် လျော့နည်းသွား ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။
"အခုဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေအခွန် ဆောင်တဲ့သူဦးရေကတော့ လျော့မသွားဘဲ ပုံမှန်ပဲရှိတယ်။ ဒါပေမဲ့ အခွန်ရရှိမှုငွေပမာဏ ကတော့ တော်တော်လျော့သွားတယ်။ ပြီးခဲ့တဲ့ နှစ်ထက် သုံးပုံနှစ်ပုံလောက်အထိ လျှော့သွားတယ်။ အကြောင်းရင်းကတော့ အခွန်ဆောင်တဲ့ နှုန်းထားတွေကို ဒီနှစ်မှာ လျှော့ချပေးလိုက် တော့ အခွန်ကောက်ခံရရှိမှု လျော့နည်းသွားတာပါ" ဟု ပြည်တွင်းအခွန်များဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်အောင်လင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် စက်တင်ဘာအထိ အိမ်ခြံမြေအခွန် အခွန်ကောက်ခံရရှိမှု ငွေ ပမာဏသည် ငွေကျပ် ၃၆ ဘီလျံ ရရှိခဲ့သော် လည်း ယခုဘဏ္ဍာနှစ် ၂၀၁၅-၁၆ စက်တင်ဘာ အထိ ကောက်ခံရရှိမှုမှာ ငွေကျပ် ၁၄ ဘီလျံခန့်သာရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုသတ်မှတ်လိုက်သည့် အိမ်ခြံမြေ အခွန်နှုန်းထားအရ မည်သည့် အိမ်ခြံမြေကိုမဆို ဝယ်ယူသူတိုင်းသည် တန်ဖိုး၏ ၃၇ ရာခိုင်နှုန်းကို ပေးဆောင်ရန်မလိုအပ်ဘဲ ဝယ်ယူသည့် အိမ်ခြံမြေတန်ဖိုးပေါ်မူတည်ကာ အခွန်ရာခိုင်နှုန်းများ ပြောင်းလဲခဲ့ပြီး တံဆိပ်ခေါင်းခွန်မှာလည်း ခုနစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ပြောင်းလဲလိုက်သည့် အခွန်နှုန်းမှာ အနိမ့်ဆုံး ကျပ်သိန်း ၅၀၀ အောက်တန်ဖိုးရှိသော အိမ်ခြံမြေ ရောင်းဝယ် လျှင် အခွန်သုံးရာခိုင်နှုန်း ပေးဆောင်ရန် ပြောင်းလဲခဲ့သော်လည်း ၂၀၁၅ ခုနှစ်အတွင်းတွင် ထပ်မံ၍ နှုန်းထားများကို လျှော့ချပေး ခဲ့သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁,၅၀၀ ထိတန်ဖိုးရှိသော အိမ်ခြံမြေကို အခွန် ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၅၀၀ မှ ကျပ်သိန်း ၃,၀၀၀ အထိ တန်ဖိုးရှိ သော အိမ်ခြံမြေကိုအခွန် ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃,၀၀၀ နှင့် အထက်ရှိသော အိမ်ခြံ မြေကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင် ခဲ့ရသည့်အတွက် ယခုနှစ်ထက် များပြားခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်မူ အိမ်ခြံမ အခွန်နှုန်းသည် အနည်းဆုံး ကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိသော အိမ်ခြံမြေကို အခွန် သုံးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ကာ ကျပ်သိန်း ၁,၀၀၀ မှ သိန်း ၅,၀၀၀ အတွင်းရှိ အိမ်ခြံမြေများအတွက် အခွန် ငါးရာခိုင်နှုန်း၊ သိန်း ၅,၀၀၀ မှ သိန်း ၁၀,၀၀၀ အတွင်းကို အခွန် ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၀ မှ သိန်း ၁၅,၀၀၀ အတွက် အခွန် ၂၀ ရာခိုင်နှုန်းဖြစ်ပြီး သိန်း ၁၅,၀၀၀ နှင့်အထက်ကို အခွန် ၃၀ ရာခိုင်နှုန်းဆောင်ရန် နိုင်ငံတော်အစိုးရက နောက်ဆုံးပြောင်းလဲသတ်မှတ် ခဲ့ခြင်းဖြစ်သည့်အတွက် လျော့နည်းကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက သုံးသပ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအတွက် အခွန်ဆောင်ရန် မြို့နယ်အလိုက်၊ လမ်းအလိုက် အိမ်ခြံမြေ စံနှုန်းများ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနမှ နှစ်စဉ် အောက်တိုဘာ လတွင် အသစ်ပြန်လည်သတ်မှတ်ပေးလျက်ရှိရာ ယခုနှစ်တွင်မူ လက်ရှိစံနှုန်း အသစ်များ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
Ref : Myanmar Times
Photo Credit : YHG
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties