By 7days, Shweproperty.com
Updated at 10 April 2013
ရန်ကုန်မြို့ပြင် မြို့နယ်များတွင် မြေကွက်များ ဝယ်ယူရင်းနှီးမြှုပ်နှံထားသူ အချို့မှာ ဈေးနှုန်းလျှော့၍ ပြန်လည်ရောင်းချမှုများလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
နိုင်ငံ၏ တည်ငြိမ်မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အတားအဆီးဖြစ်နိုင်ခြေကို ခန့်မှန်းမိသဖြင့် ငွေဖော်လိုသူများက ရောင်းချခြင်း ဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ကောင်းသန့်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသက်မိုးခိုင်က ရှင်းပြသည်။
“မြို့သစ်ဘက်တွေမှ ဈေးတွေ ခေါင်ခိုက်ပြီး ဝယ်မယ့်သူမရှိတော့ အားလုံးပိုက်ဘောမိနေကြတယ်” ဟု ကြယ်စင်မြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင်က ဆိုသည်။
မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်များမှာ ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျသွားကြောင်းလည်း သတင်းရရှိသည်။ လက်ရှိအချိန်တွင် အိမ်ခြံမြေဈေးကွက်တစ်ခုလုံးမှာ အရောင်းအဝယ်အေးနေသည့်အတွက် အရှုံးခံပြီး ဈေးလျော့ရောင်းမှသာ ဝယ်ယူကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများထံမှ သတင်းရရှိသည်။
“စီမံကိန်းတွေကို မျှော်လင့်ပြီး ကြိုဝယ်ထားသူတွေက ထိကြတာပေါ့” ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါရိုက် တာဦးသန်းဦးက ဆိုသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက ပြန်ရောင်းရန် ကြိုတင်ဝယ်ထားသော လုပ်ငန်းရှင်များမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်မလာသေးသောအခါ ရင်းနှီးမြှုပ်နှံထားသော ငွေများအိပ်ကုန်ကာ၊ ဈေးလည်း ထပ်မတက်တော့သဖြင့် အချိန်ကြာလာသည် နှင့်အမျှ အခက်တွေ့လာခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မှတ်ပုံတင် စာချုပ်ချုပ်ရန် မလိုသည့် စလစ်များသာရှိသည့် ဒဂုံဆိပ်ကမ်း၊ သန်လျင်စသည့် မြို့နယ်များမှ မြေကွက်အနည်းငယ်အရောင်း အဝယ်ရှိနေကြောင်း သတင်းရရှိသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ လက်ရှိအချိန်တွင် သင်္ကြန်ပွဲတော် နီးလာသဖြင့် အရောင်းအဝယ်မှာ ယခုထက် ပိုမိုကောင်းလာရန် အခြေအနေမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့က ခန့်မှန်းကြသည်။
Ref: 7Days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties