By Myanmar Builders Guide, Shweproperty.com
Updated at 8 November 2018
အစိုးရပိုင်မြေ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်စုစုပေါင်း ၁၈ ခုကို ပုဂ္ဂလိကသို့ ရောင်းချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးက နိုဝင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ၁၈ ခုသည် ကချင်၊ ကရင်၊ ရှမ်း၊ မန္တလေးနှင့် ရန်ကုန်တို့တွင် တည်ရှိပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည်ဟု အဆိုပါ ကော်မရှင်က ဆိုထားသည်။ဝယ်ယူလိုသူများသည် မြေနှင့်အဆောက်အအုံတစ်ခုချင်းအလိုက် တင်ဒါတင်သွင်းရမည်ဖြစ် ပြီး တင်သွင်းရမည့်ရက်မှာ ဒီဇင် ဘာ ၁၂ ရက်ဖြစ်သည်ဟု ကော်မရှင်က ဆိုထားသည်။
ဝယ်ယူလိုသူများသည် မြေ နှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များကို သွားရောက် ကြည့်ရှုနိုင်ပြီး တင်ဒါတင်သွင်းရာတွင်လည်း သွားရောက်ကြည့်ရှုထားကြောင်း ဝန်ခံချက်တင်ပြရ မည်ဟုဆိုထားသည်။
အဆိုပါအဆောက်အအုံနှင့် မြေကွက် ၁၈ ခုတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ရှိ မြေကွက်နှင့်အဆောက်အအုံရှစ်ခု၊ နမ့်ခမ်းမြို့ ရှိ နှစ်ခုတို့ပါဝင်သည်။ ရန်ကုန်တိုင်းတွင် ဂိုဒေါင်နှင့်တိုက်ခန်း တစ်ခုစီ၊ မန္တလေးတိုင်းတွင် မြေကွက်နှစ်ကွက်၊ ကရင်ပြည်နယ်တွင် မြေကွက်တစ်ကွက်နှင့် ကချင်ပြည်နယ်တွင် မြေကွက်နှင့် အဆောက်အအုံနှစ်ခုတို့ ဖြစ်သည်။
အဆိုပါ မြေကွက်နှင့် အဆောက်အအုံများ၊ တိုက်ခန်းများ အနက် ရန်ကုန်တိုင်း၊ မန္တလေး တိုင်းရှိ မြေကွက်နှင့် အဆောက်အအုံများနှင့် ရှမ်းပြည်နယ်ရှိ မြေ နှင့်အဆောက်အအုံ ခုနစ်ခုမှာ၂၀၁၈ ဖေဖော်ဝါရီတွင် တင်ဒါခေါ် ခဲ့ဖူးသော အဆောက်အအုံနှင့် မြေကွက်များဖြစ်သည်။
ထို့အပြင် အထက်ပါကော်မရှင်သည် ၂၀၁၇ ဇူလိုင်တွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းတို့ရှိ မြေကွက်၊ အဆောက်အအုံနှင့် တိုက်ခန်း ၂၁ ခုကို ပုဂ္ဂလိကသို့ အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခဲ့သည်။
ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ဒုတိယသမ္မတဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ မေလ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ယင်းတွင် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒုတိယဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties