By Myanmar Times, Shweproperty.com
Updated at 1 August 2018
တရားဝင် စည်းမျဉ်း စည်းကမ်း ကန့်သတ်ချက်တွေမရှိဘဲ မိရိုးဖလာပုံစံမျိုးနဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ကြတဲ့ အိမ်ခြံမြေအကျိုးဆောင်၊ တစ်နည်းအားဖြင့် အိမ်ခြံမြေပွဲစားတချို့အနေနဲ့ လတ်တလောမှာ ဥပဒေကြမ်း ပေါ်ထွက်တဲ့အဆင့်ကို ရောက်လာတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေအပေါ်မှာ အမှန်တကယ်လိုအပ်ရဲ့လားလို့ အချို့က မေးခွန်းထုတ်လာပါတယ်။
တစ်ဖက်မှာလည်း ဝါရင့်အကျိုးဆောင်ကြီးတွေဖြစ်တဲ့ အိမ်ခြံမြေဝန်ဆောင်မှု အသင်းတွေက တာဝန်ရှိသူတွေ ကတော့ ဥပဒေကြမ်းကို ကြိုဆိုထောက်ခံကြပါတယ်။
အိမ်ခြံမြေဝန်ဆောင်မှုပေးသူဟာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ လိုင်စင်ရရှိထားသူဖြစ်ဖို့၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီဟာ နိုင်ငံခြားသားနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ကုမ္ပဏီဖြစ်ပါက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်ဖို့ စတဲ့သတ်မှတ်ချက်တွေ ပါဝင်ထားတဲ့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ပြုစုဖို့အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာကစပြီး ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌဦးတင်မောင်က ပြောပါတယ်။
"အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို တချို့က အမှတ်မှားနေပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှု အသင်းအဖွဲ့တွေက ဒါတွေကို ကိုင်တွယ်ကျင့်သုံးတော့မယ်လို့ နားလည်မှုလွဲမှားနေကြတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့မှန်သမျှ သည် ဥပဒေကို ရေးဆွဲခွင့်မရှိပါဘူး။ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အိမ်ခြံမြေရောင်းဝယ်ကြတဲ့ ကိစ္စရပ်တွေမှာ ရောင်းသူနဲ့ ဝယ်သူကြား၊ အကျိုးဆောင်နဲ့ ပြည်သူကြား၊ အစိုးရကြားမှာ ကြုံတွေ့ရတဲ့ကိစ္စရပ်တွေကို ဥပဒေကြမ်း ကော်မရှင်မှာ ပါဝင်ဆွေးနွေးဖလှယ်ခဲ့ခြင်းသာ ဖြစ်ပါတယ်"လို့ ဦးတင်မောင်က ဆိုပါတယ်။
ပေါ်ထွက်လာတဲ့ ဥပဒေကြမ်းအရ လိုင်စင်မရှိသူဟာ ပွဲစားလုပ်ကိုင်ခွင့်ရမှာမဟုတ်ဘဲ ဒီအချက်ကို ဖောက်ဖျက်ရင် ထောင်ခြောက်လအထိဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။
လတ်တလော အိမ်ခြံမြေဈေးကွက်မှာတော့ ရုံးခန်းဖွင့်ပြီးလုပ်ကိုင်နေတဲ့ အိမ်မြေအကျိုးဆောင်လုပ်ငန်းတွေ၊ ရုံးခန်းမဖွင့်ထားပေမဲ့ အကျိုးဆောင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လုပ်ကိုင်ခဲ့တဲ့ ဝါရင့်အကျိုးဆောင်တွေနဲ့အတူ ခရီးသွားဟန်လွဲ လမ်းကြုံလို့ ပွဲဝင်တိုက်ပေးတဲ့သူမျိုးတွေလည်း များစွာရှိနေပါတယ်။ ဥပဒေသာ ပေါ်ထွက်လာခဲ့ရင် လိုင်စင်မရှိဘဲ အကျိုးဆောင်သူတွေကို ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတာ မေးစရာရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးတင်မောင်က ဆရာဝန်မရှိတဲ့ တောရွာတွေမှာ ရမ်းကုတွေ ရှိကြကြောင်း၊ အချင်းချင်း ကျေနပ်နေရင် ပြဿနာမရှိနိုင်ပေမဲ့ မကျေနပ်ရင်တော့ ပြဿနာဖြစ်လာမှာပဲလို့ ဥပမာပေးပါတယ်။
"အကျိုးဆောင်လုပ်ခွင့်ကို ကန့်သတ်ထားခြင်း မရှိပါ ဘူး။ ဘယ်အကျိုးဆောင်ကိုမှ ချန်မထားပါဘူး။ အိမ်ခြံမြေ ဝန်ဆောင်မှုလိုင်စင် လျှောက်ထားဖို့ ပညာအရည်အချင်းကန့်သတ်မထားဘူး။ ဝန်ဆောင်မှုဥပဒေ စတင်အာဏာတည်ခဲ့ရင် ဝန်ဆောင်မှုလုပ်ငန်းလုပ်လိုသူဟာ တစ်နှစ်အတွင်း လုပ်ငန်းမှတ်ပုံတင်ခြင်းနဲ့ ယာယီလိုင်စင်လျှောက်ထားနိုင်ပါတယ်။ ယာယီလိုင်စင်ရတဲ့အခါ သုံးနှစ်အတွင်းမှာသတ်မှတ်သင်တန်းကို တက်ပြီး လိုင်စင်လျှောက်ထားနိုင်မှာပါ"လို့ ဦးတင်မောင်က ပြောပါတယ်။
လက်ရှိမှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ကျကျနန သင်တန်းပေးထားတာမျိုး မရှိသေးတာ၊ အကျိုး ဆောင်လုပ်ခွင့်ကို ကန့်သတ်ထားခြင်း မရှိတာကြောင့် (အရောင်းအဝယ်) အမှားအယွင်းဖြစ်တဲ့အခါ နှစ်ဦး နှစ်ဖက် နစ်နာရတာတွေ အများကြီးရှိနေတယ်လို့ ထောက်ပြပါတယ်။
တရားရုံးတွေမှာ မြေယာနဲ့ပတ်သက်တဲ့ အမှုအခင်းတွေ အများကြီးတွေ့ရမှာဖြစ်သလို ကျူးကျော်နေရာတွေကို တရားမဝင်ရောင်းဝယ်နေကြတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက် အကျိုးဆောင်ပေးသူတွေကို အရေးမယူနိုင်တာ ဟာ ဒီလိုဝန်ဆောင်မှုဥပဒေ၊ စည်းကမ်းတွေမရှိသေးတာကြောင့်လို့လည်း ဆိုပါတယ်။
"ရန်ကုန်မှာ ကျူး သိန်းချီ၊ မန္တလေးမှာ ကျူး သောင်းချီနေတယ်။ အကျိုးဆောင်လိုင်စင် ပြဋ္ဌာန်းခြင်းသည် အကျိုးဆောင်တွေကို နှိပ်ကွပ်ခြင်းမဟုတ်ပါဘူး။ မမှန်မကန်လုပ်လိုသူတွေ နောက်ကိုရှဲသွားမယ်"လို့ ဦးတင်မောင်က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအတွင်းရေးမ·း ဦးဝဏ္ဏစိုးက တော့ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေဟာ လိုအပ်တဲ့အပြင် ပေါ်ပေါက်ဖို့တောင် နောက်ကျနေပြီလို့ မှတ်ချက်ပြု ပါတယ်။
"ဒီဥပဒေပေါ်မလာရင် နစ်နာမှုတွေ ပိုဖြစ်လာဖို့ပဲ ရှိမယ်။ ဥပဒေပေါ်လာရင် အိမ်မြေအကျိုးဆောင်တွေအနေနဲ့ လိုအပ်တဲ့သင်တန်းတွေရှိလာပြီး ဆောင်ရန် ရှောင်ရန် လိုက်နာရန်တွေ သိလာမယ်။ အခုက နားလည်လွယ်အောင် ပြောရရင် လယ်မြေတွေ အကွက်ရိုက်ရောင်း တာမျိုး၊ မည်သူမဆို အိမ်မြေအကျိုးဆောင် အလွယ်တကူလုပ်လို့ရတော့ နားမလည်ဘဲ ဝင်လုပ်နေတာမျိုးတွေရှိတယ်။ ဥပဒေကြောင့် မြေယာပြဿနာတွေ နည်းသွားမယ်၊ ရောင်းမှား ဝယ်မှားနည်းမယ်။ ဒီဥပဒေဟာ မဖြစ်မနေ လိုအပ်ပါတယ်"လို့ ဦးဝဏ္ဏစိုးက ပြောပါတယ်။
အခြားတစ်ဖက်မှာလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က အိမ်မြေအကျိုးဆောင် ဦးပြူးကတော့ ဒီဥပဒေပေါ်ထွက်လာခဲ့လို့ မဖြစ်မနေ လိုင်စင်လုပ်ရတော့မယ်ဆိုမှသာ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ လက်ရှိ အိမ်မြေအရောင်းအဝယ်က များစွာငြိမ်သက်နေပြီး သူ့အနေနဲ့ မုန့်ဖိုးပဲဖိုး ရဖို့တောင် မနည်းရုန်းကန်နေရတယ်လို့ ပြောပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties