By The Myanmar Times, Shweproperty.com
Updated at 7 September 2017
ပြင်ဦးလွင်အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အနေနဲ့ သိသိသာသာ သွက်လက်ခြင်းမရှိသေးပေမဲ့ အငှားဈေးကွက်မှာ ဈေးနှုန်းတွေမြင့်မားနေပြီး ဈေးကွက်တောင်းဆိုမှုကောင်းမွန်ကြောင်း ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့တွင်းမှာ မန္တလေး−လားရှိုးလမ်းလို အဓိကကျတဲ့ လမ်းမပေါ်တင်တဲ့အိမ်မြေအငှားဈေးနှုန်းတွေဟာ သိသိသာသာမြင့်မားနေပြီး အတွင်းပိုင်းကျတဲ့ နေရာတွေမှာလည်း အငှားဈေးကွက်က ပုံမှန်လည်ပတ်နေပါတယ်။ အိမ်မြေအရောင်းအဝယ်အနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်တုန်းကလို ထူးထူးခြားခြား သွက်လက်ခြင်း မရှိသေးပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ ကြိုကြားအရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောပါတယ်။
''မန္တလေး−လားရှိုးလမ်းက အငှားဈေးကို ဈေးကောင်းရတာပါ။ အငှားက တစ်လကို ၂၅ သိန်း၊ သိန်း ၃ဝ ဈေးရနေတယ်။ အနိမ့်ဆုံး ၁၅ သိန်းလောက်ဆိုရင်တောင် ပစ္စည်းရှားနေတယ်။ အရောင်းအဝယ်အနေနဲ့က ပြီးခဲ့တဲ့၂ဝ၁၁ ခုနှစ် ဝန်းကျင်လောက်က အနေအထားနဲ့ နှိုင်းလို့ မရသေးပေမဲ့ ကျပ်သိန်း ၅ဝဝ နဲ့၁,ဝဝဝ ကြား တန်ကြေးရှိတဲ့ အိမ်မြေတွေ ကြိုကြားအရောင်းအဝယ်ဖြစ်လာတယ်''လို့ ဒေါ်ခင်စောမြင့်က ပြောပါတယ်။
မြို့အတွင်းပိုင်းကျရင်တော့ အငှားဈေးနှုန်းတွေက ကျပ်သုံးသိန်း၊ ကျပ်ငါးသိန်း စသဖြင့် အစားစားရှိနေပြီး ပုံမှန်လည်ပတ်နေကြောင်း ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဒေါ်ခင်သန်းက ပြောတယ်။
''အရောင်းအဝယ်အနေနဲ့က ဝယ်ရောင်းလို ရင်းနှီးမြှုပ်နှံတဲ့သူတော့ မရှိဘူး။ တကယ်နေမယ့်သူတွေ ဝယ်တာမျိုးပဲရှိတယ်။ တချို့မြေပိုင်ရှင်တွေ ငွေလိုလို့ ဈေးချရောင်းတာရှိပေမဲ့ ဈေးကွက်တစ်ခုလုံးအနေနဲ့က ဈေးကျသွားတယ် မရှိပါဘူး''လို့ ၎င်းက ပြောပါတယ်။
ပြင်ဦးလွင်မှာ အိမ်မြေအရောင်းအဝယ်က မန္တလေးမြို့မှာလိုပဲ ကျပ်သိန်း ၅ဝဝ ပတ်ချာလည် တန်ဖိုးရှိတာတွေကို အများဆုံး စိတ်ဝင်စားမှုရှိနေပြီး၊ အရောင်းအဝယ်များစွာ လှုပ်ခတ်ခြင်း မရှိသေးပေမဲ့ ကျပ်သိန်း ထောင်ဂဏန်း တန်ကြေးရှိတဲ့ အကွက်အကွင်းတွေမှာ ငွေရှိတဲ့သူတွေက အရှုံးခံရောင်းတာမျိုးမရှိကြောင်း ဒေါ်ခင်စောမြင့်က ပြောပါတယ်။
''အဓိကကျတာက အခွန်ကိစ္စပါပဲ။ အခွန်နှုန်းထားသတ်မှတ်ချက်ကို ပြန်ပြီး ညှိပေးစေချင်ပါတယ်။ အခွန်က လုပ်သာကိုင်သာရှိမှ ဈေးကွက်ပြန်လည်ပတ်ဖို့ မျှော်လင့်နိုင်မှာ။ အခုက ဈေးကွက်သွက်တယ်လို့ ပြောလို့မရသေးပါဘူး'' ဟု ၎င်းက ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties