By The Trade Times, Shweproperty.com
Updated at 24 March 2015
၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေး ကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အိမ်ခြံမြေဈေးကွက် လက်ရှိအခြေ အနေထက် ပိုမို အေးစက်နိုင်ပြီး အရောင်းအဝယ်များ ထပ်မံကျဆင်း လာနိုင်သော်လည်း ငှားရမ်းလိုသူ များပြားခြင်းကြောင့် အငှားဈေးများ ထပ်မံ၍ မြင့်တက်လာနိုင်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ ”ရွေးကောက်ပွဲကို စောင့်ကြည့် နေတာလည်း ပါမယ်။ ဝယ်သူတွေ ကလည်း အခြေအနေကို ကြည့်နေ တဲ့အတွက် ဈေးက အေးနေတယ်။ အရောင်းထက် အပေါင်တွေတော့ များတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန် က သုံးသပ်ပြောကြားသည်။ နာမည်ကြီး ကွန်ဒိုများ၊ လုံးချင်း အိမ်ရာများတွင်မူ အရောင်းနှင့် အငှား ပါ လက်ရှိအချိန်၌ အေးစက်နေ သော်လည်း အခြေခံလူတန်းစားများ နှင့် လူလတ်တန်းစားများ အများ အပြား နေထိုင်သည့် ဆင်ခြေဖုံး ဒေသများနှင့် မြို့သစ်များတွင်မူ အရောင်းအဝယ်ထက် အငှားက ပိုမို အလုပ်ဖြစ်နေသဖြင့် ငှားရမ်းခနှုန်း ထားများ မြင့်တက်လာလျက် ရှိနေ သည်။ အကွက်အကွင်းကျသည့် နေရာ များ၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ် ရန် သင့်တော်သည့် လမ်းမတန်း မြေကွက်များမှာ ငှားရမ်းလိုသူများ များပြားသော်လည်း အိမ်ရှင်၊ မြေရှင် များ၏ မြင့်မားသည့် ငှားရမ်းခ တောင်းဆိုမှုများရှိသည့် အပြင် အတွင်း ဘက်ကျသည့် အိမ်များ၊ တိုက်ခန်း များ၏ ပိုင်ရှင်များကလည်း ငှားရမ်းခ နှုန်းများကို တိုးမြှင့်တောင်းခံလာ လျက်ရှိနေသည်။ ”ငှားမယ့်အိမ်တွေက တော် တော်ရှားပြီး ငှားမယ့်လူတွေတော့ များတယ်။ အိမ်လွတ်တာနဲ့ နောက် နေ့တက်မယ့် လူက အဆင်သင့်ပဲ။ အိမ်ရှင်တွေကလည်း ဈေးကို တင် လာကြတယ်။ အရောင်းအဝယ် ကတော့ မရှိသလောက်ပါပဲ။ ရွေး ကောက်ပွဲ နီးတာနဲ့အမျှ အရောင်း အဝယ်ကလည်း ထပ်ကျဖို့ ရှိတယ်” ဟု စိန်ပြည့်ဝေလျှံ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဒေါ်သန္တာက ပြော သည်။ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်၌ ထုတ်ပြန်ကြေညာ ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ရပ်ဆိုင်းအပြီး အိမ်ခြံမြေဈေးကွက် တွင် အရောင်းအဝယ်များ ရပ်ဆိုင်းခဲ့ ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေပမာဏ အမြောက်အမြားမှာလည်း ယင်းစီမံ ကိန်းဧရိယာအတွင်း နစ်မြုပ်လျက် ရှိသဖြင့် အိမ်ခြံမြေ ဝယ်ရောင်းကြီး များ ငွေကြေးလည်ပတ်ရန် အခက် အခဲဖြစ်ကာ ဈေးကွက် အေးလာရ ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းစီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။ ”သူတို့ မြှုပ်ထားတဲ့ ပမာဏက အများကြီး၊ ကျွန်တော်တို့ တွံတေးမှာ ဆို သိန်း ၄,ဝဝဝ၊ ၅,ဝဝဝ နဲ့ ဝယ်ထား တာတွေ၊ စရန်ချထားပြီးသားတွေ အများကြီးရှိတယ်။ စီမံကိန်း ရပ်တယ် ဆိုတဲ့ သတင်းလည်းကြားရော သူတို့ ပေးထားတဲ့ သိန်းရာနဲ့ ချီတဲ့ စရန် တွေတောင် အဆုံးခံလိုက်တာတွေ ရှိတယ်။ လွယ်လွယ်နဲ့တော့ သူတို့ လက်လျှော့မှာ မဟုတ်ဘူး။ သူတို့ ဆုံးထားတာ အများကြီးပဲ”ဟု တွံတေး မြို့ခံ ကိုမောင်မောင်ထွန်းက ပြော သည်။ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်း နေသော်လည်း ရေရှည်အကျိုးကို မျှော်မှန်းကာ ချိုသာသည့် ဈေးနှုန်း များဖြင့် လိုက်လံ ဝယ်ယူနေသူများ အများအပြား ရှိနေသည့်အတွက် ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ် လာနိုင်သည့် အိမ်ခြံမြေ ဈေးကွက် သစ်၌ ပြန်လည် ထုတ်ရောင်းရန် ဝယ်ရောင်းကြီးများအနေဖြင့် ဈေး ကစားမှုများ ရှိနေသည့် အခြေအနေ ကြောင့် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ထပ်မံဈေးကျဆင်း နိုင်ခြေ ရှိကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။ အိမ်ခြံမြေဈေးကွက် အေးနေပြီး ဝယ်ယူသူများ နည်းပါးနေသော် လည်း ယင်းသို့ ဈေးကွက်အေးနေ ခြင်းမှာ လတ်တလော အခိုက်အတန့် အားဖြင့် အေးနေခြင်းသာ ဖြစ်၍ ရေရှည်၌ အခြေအနေများ ပြန်လည် ကောင်းမွန်လာနိုင်သည့် အားသာ ချက်များ ရှိနိုင်သည့်အတွက် ပြည် တွင်းပြည်ပရှိ နာမည်ကြီး ဆောက် လုပ်ရေး လုပ်ငန်းရှင်များ၏ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှုများ စဉ်ဆက် မပြတ်ရှိနေသည်။
Ref : The Trade Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties