By Eleven Media Group, Shweproperty.com
Updated at 30 July 2015
မြန်မာနိုင်ငံ၏အိမ်ခြံမြေလောကအတွင်း ငွေကြေးခဝါချမှုကိစ္စများမှာ ခေတ်အဆက်ဆက်တွင် ရှိခဲ့သကဲ့သို့ ယနေ့ကာလတွင်လည်း အများဆုံးရှိနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) မှ ဇူလိုင် ၂၅ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ သို့သော်လည်း လက်ရှိအိမ်ခြံမြေဈေးကွက်တွင် ဝန်ဆောင်မှုပေးနေသည့်အိမ်ခြံ မြေအကျိုးဆောင်မှာ ငွေကြေးခဝါချမှုကိစ္စရပ်များ ဆောင်ရွက်ရလောက်အောင် ကြီးမားသည့်လုပ်ငန်းရှင် မရှိကြောင်းနှင့်အသင်းအနေဖြင့်လည်း ငွေကြေးခဝါချမှုကိစ္စ ရပ်များနှင့် ပတ်သက်ပြီး အသင်းဝင်များအား သတိပေးပြောကြားထားကြောင်း သိရသည်။ “မီဒီယာတွေနဲ့ ပြည်သူလူထုကြားမှာ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတာက အိမ်ခြံမြေအကျိုးဆောင်၊ ပွဲစားများမှာ Money Laundry လုပ်ရလောက်အောင်အထိ ကြီးမားတဲ့လုပ်ငန်းရှင် မရှိဘူးဆိုတာ သိထားစေချင်ပါတယ်။ သဘောက အိမ်ခြံမြေရောင်းဝယ်တဲ့သူတွေထဲမှာ အိမ်ခြံမြေဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်နည်းနည်းပါးပါး ပါကောင်းပါနိုင်ပေမယ့် တကယ်တမ်းကျတော့ အိမ်ခြံမြေဝန်ဆောင်မှုကိုပေးနေတဲ့ အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေဟာ အိမ်ခြံမြေရောင်းဝယ် လက်ကြီးသမားတွေ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက ဆွမ်းခံရင်း ငှက်သင့်ဆိုတာမျိုး မဖြစ်ရအောင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ရဲ့ သင်တန်းတွေမှာ ၊နောက်တစ်ခါလစဉ်ပညာရှင်တွေနဲ့ တွေ့ဆုံပြောကြတဲ့အခါမှာလည်းဒီကိစ္စတွေကိုအမြဲတမ်းသတိပေးနေပါတယ်။ အိမ်ခြံမြေဝန်ဆောင်မှုပေးနေတဲ့ သူတွေဟာ ငွေကြေးခဝါချတဲ့သူတွေ မဟုတ်ပါဘူး။ ငွေကြေးခဝါချတဲ့ ကိစ္စတွေကလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တယ်။ ဒီခေတ်ကာလမှာလည်း အများဆုံးရှိနေတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒီကိစ္စတွေကိုုလည်း သတင်းတွေ၊ ဆောင်းပါးတွေမှာပါပြီးဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးသန်းဦးက သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံရှိ မြေအတော်များများကို နိုင်ငံခြားသားများမှ မြန်မာလူမျိုး အမည်ခံ ဝယ်ယူမှုများရှိနေကြောင်း၊ ယင်းကဲ့သို့ အခြေအနေများကိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လိုအပ်ကြောင်းလည်း သိရသည်။ “မြန်မာနိုင်ငံမှာရှိတဲ့ မြေတော်တော်များများ အိမ်ရာတော်တော်များများကိုတခြားနိုင်ငံကနိုင်ငံခြားသားတွေအနေနဲ့ မြန်မာလူမျိုးတွေကို နာမည်ခံပြီးတော့ ဝယ်တာတွေ သို့မဟုတ် သူတို့ ကိုယ်တိုင် ဝင်ရောက်ပြီးတော့ ဝယ်တာတွေရှိနေတယ်လို့ သိနေရတယ်။ ဒါတွေက အားလုံးလည်း သိနေတာပဲ။ နိုင်ငံတော်အစိုးရကလည်း သိပါတယ်”ဟု ဦးသန်းဦးက ဆက်လက်ပြောကြားခဲ့သည်။ ထို့ကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေကြေးခဝါချမှုအဖြစ်ဖြင့် ဝင်ရောက်လာနိုင်သည့် အရောင်းအဝယ်မှန်သမျှ၊ အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် ကိစ္စရပ်မှန်သမျှအတွက် အသင်းဝင်များအနေဖြင့် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းနေကြရန် အိမ်ခြံမြေအကျိုးဆောင်များအား သတိပေးထားကြောင်း သိရသည်။ အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိအချိန်တွင် ငွေကြေးခဝါချမှုနှင့် ပတ်သက်ပြီး သိန်း ၁၀၀၀ နှင့်အထက် အရောင်းအဝယ်ဆိုပါက ဘဏ်များတွင် စာရင်းထည့်ရကြောင်း၊ တစ်ချိန်တည်းတွင်ပင် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင်လည်း တရားဝင်စာချုပ်ချုပ်ဆိုမည်ဆိုပါက စာရင်းသွင်းရမည် ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့မှလည်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါများတွင် တရားဝင်ပြောကြားထားကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties