By 7Day Daily, Shweproperty.com
Updated at 8 March 2019
နိုင်ငံတော်ပိုင်မြေယာများ၊ အဆောက်အအုံများ နှင့်လုပ်ငန်းများအပေါ် အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ခွင့်ပြုခဲ့သော စီမံကိန်းများ ပြန်လည် သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီပါက ခွင့်ပြုချက် ရပ်ဆိုင်းရန်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဝန်ကြီးဌာနက မှတ်တမ်းတင်ရန် လွှတ်တော်သို့ တင်ပြသော်လည်း ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။
ပုလဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့်အဆိုကို ယမန်နေ့ (မတ်လ ၇ ရက်) က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။
နိုင်ငံတော်ပိုင် မြေယာများ၊ အဆောက်အအုံများ၊ လုပ်ငန်းများအပေါ် အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် ခွင့်ပြုခဲ့သော စီမံကိန်းများအား ပြန်လည်သုံးသပ်စစ်ဆေးကာ ကတိကဝတ်နှင့် မညီညွတ်ပါက ခွင့်ပြုချက် ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုများပြုလုပ်ခြင်းနှင့် နိုင်ငံသူ၊ နိုင်ငံသားများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များအတွက် အကျိုးရှိသော စီမံကိန်းသစ်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံပိုင်အရင်းအမြစ်များ အ တွက် အမှန်တကယ်အကျိုးရှိလာစေရေး စီမံဆောင်ရွက်ပေးရန် အဆိုရှင်က အစိုးရအား တိုက်တွန်းသည်။
ဆွေးနွေးချက်များအပေါ် စီမံဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ၂၀၁၁ မှ လက်ရှိ အချိန်အထိ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံများ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်း ၁၆၉ ခု ခွင့်ပြုပေးခဲ့ကြောင်း ပြောသည်။
ယင်းလုင်ငန်းများသည် ပြည်တွင်းကုန်ကြမ်းများအပေါ် တန်ဖိုးမြှင့် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်၍ သွင်းကုန် အစားထိုးသည့် ကုန်ထုတ်လုပ်ငန်းများ၊ လမ်းတံတား၊ ကုန်းတွင်း ဆိပ်ကမ်းများ၊ နိုင်ငံတကာ ဆိပ်ကမ်းများနှင့် နိုင်ငံတကာလေဆိပ်များ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ်များ၊ နိုင်ငံတကာ အဆင့်မီအိမ်ရာနှင့် ရုံးခန်းများ တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းများ၊ ဈေးဝယ်စင်တာများနှင့် စူပါမားကက်များ ပါဝင်ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
ယင်းလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်လျက်ရှိပြီး နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုလုပ်ငန်းများကို သိသာစွာ အထောက်အကူ ပြုလျက်ရှိသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနေကြောင်း၊ တစ်ဖက်တွင် လည်း နိုင်ငံတော်အတွက် အကျိုးရှိစေမည့်လုပ်ငန်း တစ်စုံတစ်ရာ မရှိသော လုပ်ငန်းများကို ရပ်ဆိုင်းခြင်း၊ ပြန်လည်လွှဲပြောင်းရယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ချုပ်ဆိုပြီး စာချုပ်များကို ပြန်လည်စိစစ်ပြီး ပြန်လည်ညှိနှိုင်းရန် လိုအပ်သည့် အချက်များရှိပါကလည်း စာချုပ်တွင် ထည့်သွင်းရေးဆွဲထားသည့် အချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများအတိုင်း ပြန်လည်ညှိနှိုင်းပြင်ဆင်ရေးကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းပြောကြားသည်။
‘‘ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီး ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုမှာဖော်ပြထားတဲ့ အချက်များဟာ လက်ရှိဆောင်ရွက်နေတဲ့အချက်များဖြစ်ပြီးနောင်မှာလည်း ပိုမို ကောင်းမွန်အောင် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိတဲ့ အချက်များဖြစ်တဲ့အတွက် ၎င်းအဆိုကို မှတ်တမ်းတင်ပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်လေးစားစွာ တင်ပြအပ်ပါတယ်။ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို နာခံမည်ဖြစ်ကြောင်းကိုလည်း တင်ပြအပ်ပါတယ်’’ ဟု ဒု ဝန်ကြီး ဦးဆက်အောင်ကပြော သည်။
အဆိုရှင် ဒေါ်ခင်စန်းလှိုင်ကမူ ‘‘ဒီကနေ့ ကျွန်မတို့ ကိုယ်စားလှယ်တွေ ထောက်ခံဆွေးနွေးသွားတာတွေဟာ အမှားတွေကို ထောက်ပြ ဆွေးနွေးသွားတာ မဟုတ်ဘဲနဲ့နိုင်ငံပိုင် အရင်းအမြစ်များတွေကို အမှန်တကယ် အကျိုး ရှိစေရန်အတွက် စီမံဆောင်ရွက်စေချင်လွန်းလို့မို့ သဘောထားကြီးကြီးနဲ့မြေပြင်မှာ ဒီကနေ့ တကယ်ပကတိဖြစ်ပျက်နေတဲ့ အခြေအနေတွေရဲ့အပေါ်မှာ အားလုံးကဝိုင်းဝန်း အကြံပြုပြောဆိုပြီး နိုင်ငံတော်အကျိုး၊ နိုင်ငံတော် မျက်နှာကိုမူပြီး ပြောဆိုသွားကြတာပဲဖြစ်ပါတယ်’’ဟုပြောသည်။
ဒုဝန်ကြီးက ဆက်လက် အကောင်အထည်ဖော်နေသည် ဆိုခြင်းကို နားလည်လက်ခံသော်လည်း အကောင်အထည်ဖော်ရန် နှောင့်နှေးနေမှုများကြောင့် ပြဿနာများစွာဖြစ်နေကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောသည်။
‘‘အကြောက်တရားကင်းကင်းခေါင်းကြီးကြီးနဲ့ စဉ်းစားမယ် ဆိုရင် ကျွန်မရဲ့အဆိုရဲ့စေတနာ ကို အားလုံးသိကြမှာပဲဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။
ယခင် အစိုးရများ မည်ကဲ့သို့ မှားယွင်းခဲ့သည်ဖြစ်စေ နောင် ဆက်ခံသည့် အစိုးရက ထိန်းကျောင်းတည့်မတ်ပေးရမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောကြားပြီးအဆိုကို အတည်ပြုပေးရန် လွှတ်တော်သို့ တင်ပြသည်။
ဝန်ကြီးဌာနနှင့် အဆိုရှင် သဘောထားကွဲလွဲ၍ မဲခွဲဆုံးဖြတ်ရာအဆိုကို ထောက်ခံသူများ၍ လွှတ်တော်က အတည်ပြုခဲ့သည်။ မဲပေးခွင့်ရှိသူ ၄၀၀ ရှိရာထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၁၁၇မဲ ကြားနေမဲ လေးမဲဖြစ်သည်။
Ref : 7Day Daily
Photo Credit : Cnbc
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties