By Eleven News, Shweproperty.com
Updated at 24 November 2014
မြေဈေးနှုန်းကိုထိန်းချုပ်ရန် ဝယ်ယူထားပြီး အသုံးမပြုသည့်မြေများကို လအလိုက်အခွန်တိုးမြှင့် ကောက်ခံခြင်းနှင့် ပြန်လည်သိမ်းယူနိုင်သည့် မြေအရင်းအမြစ်ဥပဒေကို ပြဋ္ဌာန်းရန်စီစဉ်နေကြောင်း အမျိုးသားမြေအရင်းအမြစ်ကော်မတီ၏ ဆွေးနွေးပွဲမှတ်တမ်းများအရ သိရသည်။
မြင့်တက်နေသော မြေယာဈေးကွက်ကို တုံ့ပြန်နိုင်ရန်အတွက် အဓိကလုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ဝန်ကြီးဌာနများနှင့် ပြည်ပပညာရှင်များ ပူပေါင်းရေးဆွဲသွားမည်ဟုလည်း သိရသည်။
ပြဋ္ဌာန်းမည့်မြေအရင်းအမြစ် ဥပဒေတွင် မြေများကိုဝယ်ယူထားပြီး အသုံးမပြုလျှင် လစဉ်၊ နှစ်စဉ် ကြီးလေးသော အခွန်များပေးဆောင်စေရန်၊ နိုင်ငံတော်အစိုးရဆီမှ တရားဝင်ရရှိထားသော မြေအရင်းအမြစ်များကို ကန့်သတ်သဘောတူထားသော ကာလအတွင်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပါက ပြန်လည်သိမ်းယူနိုင်မည့်အချက်များ ပါဝင်သည်ဟု သိရသည်။
၎င်းအပြင် မြေအရောင်းအဝယ် ပြုလုပ်ခဲ့ရာတွင်လည်း ကောက်ခံနေသည့်အခွန်များကို မြေဈေးအတွက်အကျပေါ်မူတည်ပြီး တိုးမြှင့်ကောက်ခံရန်၊ အသုံးပြုမည့်မြေများကို ခွင့်ပြုရာတွင်လည်း လုပ်ငန်းအလိုက် အနည်းဆုံးဧရိယာနှင့် အများဆုံးဧရိယာများ သတ်မှတ်နိုင်ရန်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်းရှိသော မြေနေရာတစ်ဝိုက်နှင့် မြို့ပြများရှိ မြေဈေးနှုန်းဈေးကွက်မှာ ဖောင်းပွနေမှုကြောင့် တောင်သူလယ်သမားများ အပါအဝင် မူရင်းမြေယာပိုင်ဆိုင်သူအချို့မှ မြေစွန့်လွှတ်ခံရမှုများရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခြင်း၊ လယ်ယာမဲ့တောင်သူများ တိုးပွားလာခြင်း၊ လူအများစုအိမ်ရာ ပြဿနာ များဖြစ်ပေါ်နေခြင်း၊ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနေသည် မြေအရင်းအမြစ် စီမံခန့်ခွဲရေးကော်မတီ၏ ဆွေးနွေးပွဲအတွင်းပြောကြားမှုများ ရှိခဲ့သည်။
မြေဈေးနှုန်းမြင့်တက်မှုမှာ မြို့ပြဖွံ့ဖြိုးမှုများအတွက် ရပ်တန့်မှုများ ဖြစ်ပေါ်စေနိုင်ပြီး တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် များစွာအနှောင့်အယှက် ရှိနေသည့်အတွက် ပြဋ္ဌာန်းရန်စီစဉ်နေသည့် မြေအရင်းအမြစ်ဥပဒေကို ပြဋ္ဌာန်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့ပြမြေများကို စီမံခန့်ခွဲမှုအပိုင်းတွင် ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေများ၏ ဥပဒေမူဘောင်များတွင် မြေအသုံးချမှု အမျိုးအစား ခွဲခြားသတ်မှတ်သည့်စနစ်မှာ ရှုပ်ထွေးလျက်ရှိပြီး မြိို့ပြစီမံခန့်ခွဲနိုင်သော ဌာနများမှာလည်း များပြားလှသည့်အတွက် တည်ဆဲမြို့ပြစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများကို ပြန်လည်သုံးသပ်ကာရိုးရှင်းသော မြေအရင်းအမြစ်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြေအရင်းအမြစ်ကော်မတီ၏ ဆွေးနွေးပွဲအတွင်း အကြုံပြုမှုများလည်း ရှိခဲ့သည်။
Ref : Eleven News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties