By The Kumudra, Shweproperty.com
Updated at 27 May 2015
ဝါတွင်းကာလနီးလာတာကြောင့် အိမ်ငှားဈေးကွက်က အရင်လတွေထက် ဈေးအနည်းငယ်မြင့်ပြီး ဈေးကွက်သွက်တယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝါတွင်းကာလရောက်ခါနီးအချိန်ဆိုတော့ တချို့ကနေရာ သိပ်မရွေးတော့ဘဲ ဈေးအဆင်ပြေတာနဲ့ ငှားကြတာတွေ ရှိပါတယ်။ ဈေးကအများကြီး မတက်ပေမယ့် ကျပ် (၂၀,၀၀၀) ၊ (၃၀,၀၀၀) တော့အနည်းဆုံးဈေးတက်တယ် လို့ သိရပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင် ဦးကျော်အောင်က “ဒီနှစ်က ခါတိုင်းနှစ်ထက် အငှားပိုများတယ်၊ ဈေးတက်တာကလည်း ဈေးကွက်သဘောအရ တက်နေကျပဲလေ၊ မြို့ထဲမှာတော့ တစ်လကို ကျပ် (၁) သိန်းခွဲ အခန်းက အသက်သာဆုံးပဲ၊ ကျပ် (၂) သိန်း နဲ့အထက်က ပိုများတယ်”လို့ ပြောပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ ဆက်စပ်မြို့နယ်တွေမှာလဲ ငှားရမ်းခက (၁) သိန်းတန်ဆိုတာနည်းပြီး၊ (၁) သိန်းခွဲက အနည်းဆုံးနီးပါးပဲဖြစ်နေတယ်။ ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ ကျပ် (၇) သောင်း တန်ဆိုတာ လူနေဆိုင်ခန်းသာသာ ရှိပြီး၊ လုံးချင်းအိမ်တွေကတော့ ကျပ် (၈) သောင်းဝန်းကျင်ရှိပါတယ်။ လမ်းမတန်း တချို့မှာဆိုရင် ကျပ် (၃) သိန်းက အနည်းဆုံးရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
“ငှားတဲ့သူများလာရင် ပိုင်ရှင်တွေက ဈေးတင်ခေါ်တာပဲ၊ တချို့ကလည်း ဈေးတင်ပြောပေမယ့် တကယ်ငှားတဲ့ သူနဲ့တေ့တေ့ဆိုင်ဆိုင် တွေ့ပြီး ဈေးအဆင်ပြေသွားတာလဲ ရှိတယ်၊ ဝါတွင်းကာလနီးလာလေ အငှားဈေးကွက်က လှုပ်လာလေလေပဲလေ၊ ဒီနှစ်က အရင်နှစ်တွေတုန်းကလောက်တော့ ဈေးမပြင်းဘူး၊ အရင်နှစ်တွေက ထက်ဝက်နီးပါးလောက်ကို ဈေးမြင့်သွားတာတွေရှိတယ်”လို့ အရပ်အကျိုးဆောင်ဒေါ်ခင်ကြည်က ပြောပါတယ်။
ဈေးတက်ပေမဲ့လည်း အိမ်ငှားတွေကတော့ မဖြစ်မနေ ငှားနေကြရတာပါ။ အလုပ်၊ဈေး၊ ကျောင်းနီးပြီး အဆင်ပြေတဲ့နေရာဆိုရင် မပြောင်းမရွှေ့ရအောင် တောင်းတဲ့ဈေးပေးပြီး ငှားနေကြရတာ ဖြစ်ပါတယ်။
မြောက်ဒဂုံမြို့နယ်နေ နှစ်တန်းကျောင်းသူရဲ့မိခင် ဒေါ်နီနီဝင်းက “အရင်ငှားနေတဲ့အိမ်က တစ်လကို ကျပ် (၁)သိန်းကနေ (၁၂၀,၀၀၀) တိုးတောင်းတယ်၊ ခြောက်လအနည်းဆုံးချုပ်ရမှာဆိုတော့ မလွယ်ဘူးလေ၊ တခြားဈေးသက်သာတဲ့ ရပ်ကွက်ပြောင်းဖို့ကလည်း ကလေးရဲ့ကျောင်းက ပြောင်းရမယ်၊ တစ်လကို (၁) သိန်းအောက်နေရာ ရှာရမှာပေါ့၊ မိုးတွင်းရောက်မှာ ဆိုတော့ ရေဝပ်မှာလဲ စိတ်ပူရသေးတယ်၊ အိမ်ငှားနေရတာ အိမ်ရှင်တွေ တောင်းသလိုပေးနေရတာပဲ”လို့ ပြောပါတယ်။
အိမ်ပြောင်းရွှေ့ရမှာ အခက်အခဲတွေရှိတာကြောင့် အိမ်ငှားနေထိုင်သူတွေ အနေနဲ့အဆင်ပြေအောင် ဆက်ငှားနေကြရတာများတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties