By Myanmar Builders Guide, Shweproperty.com
Updated at 19 February 2019
ရန်ကုန်မြို့တွင် Serviced Apartment (အဆင့်မြင့်ဝန်ဆောင်မှုပါသော တိုက်ခန်း) အခန်း ၂၂၄၀ ဝန်းကျင်ရှိလာပြီး ၂၀၁၈ ခုနှစ်အတွင်း အခန်းသစ်ထွက်ရှိမှုနည်းပါးခဲ့သော်လည်း အခန်းငှားရမ်းခများ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Collier International (Myanmar) မှ ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်ဈေးကွက် အစီရင်ခံစာအရ သိရသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ Kantharyar Serviced Residences သည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဈေးကွက်ဝင်ခဲ့ခြင်းကြောင့် ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ၁၄ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အခန်းပေါင်း ၂၂၄၀ ဝန်းကျင်ရှိလာခဲ့သည်။ လာမည့်သုံးနှစ်အတွင်း ပျမ်းမျှတိုးတက်မှုနှုန်း ၁၆ ရာခိုင်နှုန်းရှိမည်မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခုမှအခန်းပေါင်း ၂၄၀၀ ဝန်းကျင် ထပ်မံထွက်ရှိနိုင်သည်။
အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်းဈေးကွက်သည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှုတိုက်ခန်းများအား ငှားရမ်းလိုသူပိုမိုများပြားလာသည်။ ငှားရမ်းလိုသူအချို့က ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့် အခန်းငယ်များကို ပိုမိုရွေးချယ်မှုများ လာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်းနှင့် Penthouse တိုက်ခန်းများ ပိုမိုဈေးကွက်ဝင်လာသည်။
ဝန်ဆောင်မှု တိုက်ခန်းငှားရမ်းမှုနှုန်းထားသည် လက်ရှိအတိုင်းဆက်သွားမည်မျှော်မှန်းထားသော်လည်း အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့်အခန်းများ ပိုမို အလားအလာကောင်းနေသည်။ အခန်းအရေအတွက်လည်း ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အခန်းပေါင်း ၃၀၀၀ ဝန်းကျင်၊ ၂၀၂၂ ခုနှစ်တွင် အခန်းပေါင်း ၄၈၀၀ ဝန်းကျင်အထိရှိလာမည်ဟု မျှော်မှန်းထားသည်။
၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၆၇ ရာခိုင်နှုန်းသည် ရန်ကုန်မြို့အချက်အချာနေရာများတွင် တည်ရှိမည်ဟု မျှော်မှန်းထားပြီး ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့သည် ရေပန်းအစားဆုံးဖြစ်သည်။ လက်ရှိအဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ ၏ ၃၄ ရာခိုင်နှုန်းသည် အိပ်ခန်းတစ်ခန်းပါအခန်းများဖြစ်ပြီး အိပ်ခန်းနှစ်ခန်းပါအခန်း မှာ ၃၃ ရာခိုင်နှုန်း၊ အိပ်ခန်းသုံးခန်းပါအခန်းမှာ ၂၆ ရာခိုင်နှုန်း၊ အိပ်ခန်းလေးခန်းပါအခန်းမှာ လေးရာခိုင်နှုန်းနှင့် Studio အခန်းမှာ သုံးရာခိုင်နှုန်းရှိသည်။
ငှားရမ်းမှုနှုန်းထားအနေဖြင့် ၂၀၁၇ ခု နှစ် ဒုတိယသုံးလပတ်တွင် ၈၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇၇ ဒသမ ၉ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၈၁ ရာ ခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၈၂ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဒုတိယသုံးလ ပတ်တွင် ၈၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၇၉ ရာခိုင် နှုန်းအထိရှိခဲ့သည်။
ငှားရမ်းခအနေဖြင့် ၂၀၁၈ ခုနှစ် စတုတ္ထ သုံးလပတ်တွင် အိပ်ခန်းတစ်ခန်းပါအခန်း၊ အိပ်ခန်းနှစ်ခန်းပါအခန်း၊ အိပ်ခန်းလေးခန်းပါ အခန်းများ ယခင်သုံးလပတ်နှင့်ယှဉ်ပါက ဈေးနှုန်းများ သုံးရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့သည်။ လက်ရှိ ပျမ်းမျှတစ်လ ငှားရမ်းခနှုန်းများမှာ Studio ခန်းမှာ ဒေါ်လာ ၂၀၀၀၊ အိပ်ခန်းတစ်ခန်းပါအခန်းမှာ ဒေါ် လာ ၃၅၀၀၊ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ဒေါ်လာ ၄၅၀၀၊ အိပ်ခန်းသုံးခန်းပါ အခန်းမှာ ဒေါ်လာ ၅၅၀၀၊ အိပ်ခန်းလေးခန်းပါအခန်းမှာ ဒေါ်လာ ၇၀၀၀ ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties