By The Mirror Daily, Shweproperty.com
Updated at 6 October 2016
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းမှ စတင်၍ အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များအေးခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လမှစတင်၍အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များအနည်းငယ် ပိုမိုသွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ကွန်ဒိုတိုက်ခန်းဈေးကွက်၌လည်း BCC ကျပြီးဆောက် လုပ်ပြီး ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ ကြောင်းနှင့် မြေကွက်များ အရောင်းအဝယ်သွက် လာကြောင်း၊ ဈေးနှုန်းအရ အချို့ငွေလိုသူများမှ ပေါက်ဈေး နှုန်းထက်လျှော့ပြီး ရောင်းချမှုများလည်းရှိလာကြောင်း၊ လုပ်ငန်းလုပ်ကိုင်လိုသူများမှလည်း ပေါက်ဈေးနှင့် နီးနီးစပ်စပ်ပေးဝယ်ရကြောင်း၊ ကွန်ဒိုတိုက်ခန်းကြိုပွိုင့်များမှာလည်း အရောင်းအဝယ်အေးနေပြီး ဝယ်ယူသူများ မှလည်း စိတ်ဝင်စားမှု တော်တော်နည်းပါးသွားကြောင်း၊ လက်ရှိရန်ကုန်မြို့အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကွန်ဒိုတိုက်ခန်းများမှာ BCC ကျပြီးသားများသာဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များ၏ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဋ္ဌဖြစ်သော ဦးအောင်ထွန်းက ''ကွန်ဒို တိုက်ခန်းကြိုပွိုင့်နဲ့ ပတ်သက်ပြီးပြောရရင်တော့ BCC ကျပြီးသားအခန်းတွေက မြေပိုင်ရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးရင် ပိုင်ဆိုင်မှုအရှုပ်အရှင်းဖြစ်စရာ မရှိပါဘူး။ ကြိုပွိုင့်အတွက်ကတော့ တိုက်မပြီးမှာတို့၊ တိုက် မပြီးအောင် ဆက်မဆောက်လုပ်နိုင်တာတို့၊ တစ်ခန်းကို နှစ်ဦး၊ သုံးဦးရောင်းချထားတာတို့ ဖြစ်တတ်တော့ အခန်း ဝယ်ယူသူက မသိရင် ပြဿနာဖြစ်တတ်ပါတယ်။ လုံးချင်း အငှားဈေးကွက်မှာတော့ ကုမ္ပဏီတချို့ဆိုရင် မြန်မာပလာ ဇာတို့၊ အခြားသော Office Tower တွေကိုပြောင်းရွှေ့ပြီး ငှားရမ်းတာတွေလည်းတွေ့ရပါတယ်။ ပြီးတော့ လုံးချင်း အငှားဈေးနှုန်းတွေကျပြန်တော့လည်း အရင်နှစ်တွေ ကထက်စာရင် ဈေးနှုန်းနည်းနည်းကျသွားပါတယ်။ လမ်းမတန်း မြေကွက်၊ လုံးချင်းနဲ့ မြေညီတိုက်ခန်းတွေ ကတော့ ဈေးကွက်နဲ့ နေရာအနေအထားပေါ်မူတည်ပြီး ဈေးကျတာတွေလည်းရှိသလို ဈေးနှုန်းမြင့်တာတွေလည်း ရှိပါတယ်။ ဈေးကွက်အနေအထားအရတော့ ရှေ့လျှောက် ဈေးနှုန်းမြင့်တက်လာနိုင်တာရှိသလို ဈေးကျနိုင်တဲ့နေရာ တွေလည်းရှိပါတယ်။ ဈေးနှုန်းမြင့်တက်ခြင်း၊ ကျခြင်းကတစ်ပိုင်း ပါ။ အိမ်ခြံမြေအရောင်းအဝယ်၊ အငှားလုပ်ငန်းတွေကတော့ ပိုမိုကောင်းမွန်သွက်လက်လာပါတယ်'' ဟု ရှင်းပြသည်။
လက်ရှိအနေအထားအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနည်းပါးနေသေးသော်လည်း ၂ဝ၁၇ ခုနှစ်နှစ်ဆန်းပိုင်း ဖြစ်သော အနာဂတ်ကာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များပိုမိုများပြားလာပါက အိမ်ခြံမြေလုပ်ငန်းများ ပိုမိုသွက်လက်လာနိုင်စရာအကြောင်းရှိကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များမှ မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ဝင်ရောက်လာပါက ၎င်းတို့၏ ဝန်ထမ်းများ နေထိုင်ရေးအတွက်လည်းကောင်း၊ စက်ရုံ အလုပ်ရုံများ ဖွင့်လှစ်ရန်အတွက်လည်းကောင်း၊ ရုံးခန်း များဖွင့်လှစ်ရန်အတွက်လည်းကောင်း လုပ်ဆောင်မည်ဖြစ်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ်အငှား ဈေးကွက်များမှာပိုမိုသွက်လက်လာနိုင်စရာအကြောင်း ရှိနေကြောင်း အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များက ဆိုသည်။ ''ရန်ကုန်မြို့အပါအဝင် အိမ်ခြံမြေအရောင်းအဝယ်ကောင်းနေတဲ့ မြို့တွေထဲမှာ တောင်မှ နိုင်ငံခြားသားလုပ်ငန်းရှင်အများစု အကြိုက်ဆုံးက ရန်ကုန်မြို့ပဲဖြစ်ပါတယ်။ နိုင်ငံခြားသားကုမ္ပဏီတွေနဲ့ တွေ့ဆုံပြီးဆွေးနွေးတဲ့အခါမှာ သူတို့အများစုရဲ့ အမြင်က ရန်ကုန်မြို့ဟာ အလျင်အမြန် တိုးတက်ဖွံ့ဖြိုးနိုင်တယ်လို့ လက်ခံနားလည်ထားကြပါတယ်။ အဲဒီနေရာမှာလည်း ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် အစိုးရနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အိမ်ခြံမြေလာရောက်ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်တော်တို့ လုပ်ငန်းလောကအပေါ် တိုက်ရိုက်ပတ်သက် မှုသိပ်မရှိပါဘူး။ အိမ်ခြံမြေကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ချင် တယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍကိုလည်း လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူအောင် ထားပေးစေချင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးပြောရရင် တချို့တွေကမြေဝယ်၊ အိမ်ဝယ်ပြီး ရင်းနှီးမြှုပ်နှံရတာကြိုက်တဲ့ သူတွေရှိကြသလို တချို့တွေ ကတော့ ကွန်ဒိုတိုက်ခန်းဝယ်ယူပြီး ရင်းနှီးမြှုပ်နှံသူတွေ လည်းရှိပါတယ်။ မြေကွက်ရဲ့သဘောက တည်နေရာ၊ အကျယ်အဝန်း၊ အလှည့်၊ အိမ်နံပါတ်စတဲ့ အချက်တွေကို ဝယ်ယူသူကကြိုက်နှစ်သက်တယ်ဆိုရင် အဲဒီမြေကွက်ကို ဝယ်ယူသူကရောင်းချင်သူရဲ့ ဈေးနှုန်းအတိုင်းပေးဝယ်ကြ ရပါတယ်။ ကွန်ဒိုတိုက်ခန်းရဲ့သဘောသဘာဝကျတော့ ဝယ်ယူသူစိတ်ကြိုက် ရွေးချယ်ခွင့်ရှိပါတယ်'' ဟု ဦးအောင်ထွန်းက ဆိုသည်။
မကြာမီကာလတွင် ကွန်ဒိုမီနီယံနည်းဥပဒေ ထွက်လာတော့မည်ဖြစ်သောကြောင့် ကွန်ဒိုတိုက်ခန်းများ အတွက်အားသာချက်ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားများအား ခွင့်ပြုထားသည့် အတိုင်းအတာတစ်ခုအထိ ဝယ်ယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ရောင်းချပိုင်ခွင့်များကို ပေးထားမည် ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယံနည်းဥပဒေထွက်ပေါ်လာလျှင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ကြောင်း၊ ယခုလက်ရှိ ပြည်တွင်းဝယ်လိုအား လျော့နည်းခိုက် ပြည်ပငွေကြေးဖြင့် ဝယ်ယူမည့်သူများ ပိုမိုဝင်ရောက်လာနိုင်သောကြောင့် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ်လုပ်ငန်းများမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာနိုင်စရာအကြောင်းရှိကြောင်း အိမ်ခြံမြေ လုပ်ငန်းများလုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များ၏ပြောချက်အရ သိရသည်။
၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သော အနာဂတ်ကာလတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာနိုင်သောကြောင့် အိမ်ခြံမြေအရောင်း အဝယ်ဈေးကွက်များ ပိုမိုကောင်းမွန်သွက်လက်လာနိုင် စရာရှိကြောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ဆောင်သည့် လုပ်ငန်းရှင်များကလည်း ရရှိသည့်အကျိုးအမြတ်ထဲမှ အိမ်ခြံမြေများဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် လာနိုင်စရာအကြောင်းရှိကြောင်း၊ အိမ်ခြံမြေအရောင်း အဝယ်ဈေးနှုန်းများမှာလည်း သင့်တင့်သည့် ဈေးနှုန်းအနေ အထားရှိနေမည်ဖြစ်သောကြောင့် အရောင်းအဝယ်များပိုမိုသွက်လက်လာနိုင်စရာအကြောင်းရှိကြောင်း အိမ်ခြံ မြေလုပ်ငန်းများလုပ်ကိုင်နေကြသည့် ဝါရင့်ပုဂ္ဂိုလ်များထံမှ စုံစမ်းသိရသည်။
Ref : The Mirror Daily
Photo Credit : mmbiztoday
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties