By Myanmar Times, Shweproperty.com
Updated at 27 April 2016
ရန်ကုန်မြို့တော်အတွင်း နိုင်ငံခြားသား အိမ်ခြံမြေ၊ တိုက်ခန်းကွန်ဒို ငှားရမ်းမှု သိသာစွာ လျော့နည်းလာပြီး နှုန်းထားများမှာ ယခင်နှစ် ထက် ၂၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာ ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို) အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
"နိုင်ငံခြားသား အိမ်ငှားခတွေ ကျသွား တာကို တွက်ကြည့်လိုက်ရင် နိုင်ငံတကာက လာပြီး ငှားတဲ့လူတွေ နည်းလို့ဆိုတာ သေချာ သလောက်ပဲ၊ နိုင်ငံခြားသားတွေက ဘယ် မြို့မှာ ဘာလိုမြေတွေ ရှိသလဲ၊ ဈေးနှုန်းဘယ်လောက်ရှိသလဲဆိုတာ လာမေးမြန်းပြီး ပြန်သွားကြ တာပဲ၊ နိုင်ငံခြားသားတွေက သူတို့ အလုပ်နဲ့ နီးစပ်ရာတွေမှာပဲ ငှားကြတယ်။ ၂၀၁၄ ငှားဈေးနဲ့ တွက်လိုက်ရင် ၂၀ ရာခိုင် နှုန်းအထိ ငှားခဈေးတွေ ကျသွားတယ်။ ငှားမယ့်အိမ်တွေ အများကြီး ရှိပါတယ်၊ အရင် က ၂၅ ပေ၊ ပေ ၅၀ ကွန်ဒို ပရိဘောဂ အပြည့်ပါ ရင် ဒေါ်လာ ၂,၅၀၀ လောက်၊ မြန်မာငွေ သိန်း ၃၀ လောက်ပေးရတာ။ အခု ၁၈ သိန်းဆို ကောင်းကောင်းငှားလို့ရပြီ"ဟု ၎င်းကပြောသည်။
နိုင်ငံခြားသားများက ၎င်းတို့နေထိုင် မည့် တိုက်ခန်းများ၊ လုံးချင်းတိုက်များကို ငှားရမ်း ရာတွင် ၎င်းတို့ လုပ်ငန်းလုပ်ကိုင် သည့် နေရာများနှင့် အနီးစပ်ဆုံးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေသည့် နေရာများ ကို ရွေးချယ်ငှားရမ်းခြင်းဖြစ်ပြီး မြို့တွင်း ခြောက်မြို့နယ် အပြင် ဆပ်စပ်မြို့နယ်များ ဖြစ်သည့် အလုံ၊ စမ်းချောင်းနှင့် လှိုင်သာ ယာ စက်မှုဇုန်သို့ သွားလာရေး အဆင်ပြေ စေသည့် မရမ်းကုန်းမြို့နယ်တို့ကို ပိုမို ရွေးချယ်ငှားရမ်းလာကြ သည်။ နိုင်ငံခြားသားများ ပြည်တွင်းသို့ အများ အပြားဝင်ရောက်လျက်ရှိသော်လည်း ပြည်တွင်း၌အခြေချ နေထိုင်ရန် ငှားရမ်းမှု နှုန်းများမှာ ယခင်နှစ်များကထက် များစွာ နိမ့်ကျလျက်ရှိသည်။ နိုင်ငံခြားသားများကို ဦးတည်ကာ ငှားရမ်းနိုင်ရေးအတွက် ကွန်ဒို တိုက်ခန်းပိုင်ရှင်များနှင့် လုံးချင်း အိမ်ပိုင် ရှင်များက နေအိမ်များကို အသေအချာ ပြုပြင် ထားကြသဖြင့် ဈေးကွက်အတွင်း အိမ်ခန်းများ ပေါများကာ ဈေးကွက် အတွင်း၌ နိုင်ငံခြား သားများအတွက် လည်း ရွေးချယ်နိုင်သည့် အခွင့်အရေးများ ပိုမိုများပြားလာရခြင်းသည် လည်း ငှားရမ်း ခနှုန်းထားများ ကျဆင်းလာရသည့် အကျိုး ဆက်တစ်ခုဖြစ်နိုင်ကြောင်း အေးရိပ်စံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်နီလာကျော်ကလည်း ပြောသည်။
"၂၀၁၂-၁၃ ဈေးနှုန်းလောက်ပြန်ဖြစ် သွားတယ်။ ဈေးအတက်ဆုံးဖြစ်တဲ့ ၂၀၁၄ နဲ့ ယှဉ်ရင်တော့ ဈေးက ၂၀ လောက်အထိ ပြန်ကျသွားတဲ့ သဘောပါ။ ငှားမယ့် အိမ်တွေ အများကြီး ရှိတယ်"ဟု ၎င်းကပြောသည်။ ၂၀၁၄ ခုနှစ်တွင် စမ်းချောင်းမြို့နယ် ကျွန်းတော လမ်းပေါ်ရှိ အကျယ် ၂၅ ပေ၊ အရှည်ပေ ၅၀ ရှိသည့် ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် တစ်လ ငှားရမ်းခ ကျပ် ၂၂ သိန်း ပေးချေခဲ့ရသော်လည်း နိုင်ငံခြားသား ငှားရမ်းမှု လျော့နည်း လာသည့်အတွက် ယခုနှစ်တွင် ကျပ် ၁၆ သိန်းဝန်းကျင်ခန့် အထိ ငှားရမ်းခနှုန်းထားများ ကျဆင်းလျက် ရှိသည်။
ရန်ကုန် တိုက်ခန်းကွန်ဒိုဈေးကွက် အတွင်း၌ နိုင်ငံခြားသား တိုက်ခန်းငှားရမ်းခနှုန်း ထားများမှာ အခန်းအကျယ်၊ အထပ်အမြင့်နှင့် ပရိဘောဂ အစုံအလင် ပါရှိမှု ပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၁၀ သိန်းမှ ကျပ် ၂၀ အထိရှိပြီး လုံးချင်းအိမ်များကို အနည်းဆုံး တစ်လလျှင် အမေရိကန် ဒေါ်လာ ၃,၀၀၀ အထက်မှာရှိသည်။
Ref : Myanmar Times
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties