By Myanmar Times, Shweproperty.com
Updated at 1 August 2018
ဆောက်လုပ်ရေးလုပ်ငန်းများမှ ဝင်ငွေကျဆင်းနေသည့် အခြေအနေကို ကုစားနိုင်ရန် တန်ဖိုးသင့်အိမ်ရာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဟု ဖတ်စ်မြန်မာအင်ဗက်စ်မန့် (အက်ဖ်အမ်အိုင်) ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောသည်။
အက်ဖ်အမ်အိုင်ကုမ္ပဏီ၏ ၂၆ ကြိမ်မြောက် ကုမ္ပဏီနှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်ရှိ အမျိုးသားကဇာတ်ရုံတွင် ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ပြီး ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းများ အနာဂတ်အတွက် ပြင်ဆင်မှုများကို ရှယ်ယာရှင်များနှင့် မီဒီယာများကို ရှင်းလင်းစဉ် သူက ထိုသို့ပြောခြင်းဖြစ်သည်။
"ပြည်တွင်းအိမ်ခြံမြေကဏ္ဍရဲ့ အခြေအနေက ဝယ်နိုင်စွမ်းအားမရှိတဲ့အခြေအနေ ဖြစ်သွားပြီ။ ဝယ်နိုင်တဲ့သူတွေက ဝယ်ပြီးသွားပြီ။ ဒါပေမဲ့ လိုအပ်ချက်ရှိနေသေးတဲ့သူတွေက မဝယ်နိုင်ဘူးဖြစ်နေတယ်။ ဝယ်နိုင်စွမ်း တက်လာဖို့ အတွက်က အများစုတတ်နိုင်တဲ့ အိမ်ရာတွေ ပေါ်ထွက် လာဖို့လိုတယ်။ အဲဒါကြောင့် အက်ဖ်အမ်အိုင်ကလည်း အဲဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြင်ဆင်နေတယ်"ဟု ဦးသိမ်းဝေက ပြောသည်။
လက်ရှိ၌ အက်ဖ်အမ်အိုင်က အကောင်အထည်ဖော် နေသော ကြယ်စင်အိမ်ရာ (Star City) စီမံကိန်းအတွင်းမှ ဂလက်စီတာဝါတွင် ၂၀၁၈ ခုနှစ် မတ်လအထိ အခန်းရေ ၄၀ဝ ခန့် ရောင်းချနိုင်ရန် ခန့်မှန်းထားခဲ့သော်လည်း အခန်း ၁၀ဝ ခန့်သာ ရောင်းထွက်ခဲ့သည်ဟု သူကဝန်ခံခဲ့သည်။ ထို့အတွက် ၎င်းစီမံကိန်းရှိအခန်းများကို အများစုဝယ်ယူနိုင်သည့် အခန်းများ ဖြစ်လာရန် ပြန်လည်ပြင်ဆင်နေရ သည်ဟု ဦးသိမ်းဝေက ပြောသည်။
ကြယ်စင်အိမ်ရာသည် ဇုန်အလိုက် အဆင့်ဆင့်တည် ဆောက်နေသည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး စီမံကိန်း တစ်ခုလုံးပြီးစီးပါက အခန်းပေါင်း တစ်သောင်းခန့်ပေါ်ထွက်လာမည့် စီမံကိန်းလည်းဖြစ်သည်။ သို့ရာတွင် တန်ဖိုးသင့်အိမ်ရာအတွက်မူ သီးခြားစီမံကိန်းတစ်ခု အဖြစ် ဆောင်ရွက်အကောင်အထည်ဖော်ရန် စီစဉ်နေ သည်ဟု ၎င်းက ပြောသည်။
"လူအများစု ဝယ်နိုင်တဲ့ အိမ်ရာတွေပေါ်ထွက်လာဖို့ ဆိုတာက ပြောရတာလွယ်ပေမဲ့ စီးပွားရေးအရ တွက်ချက်တဲ့အခါ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အကောင်အထည်ဖော်သွားမှာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ အစီအစဉ်ရေးဆွဲနေဆဲကာလ ဖြစ်တာကြောင့် အသေးစိတ်ကို နောက်သုံးလလောက်မှ ထုတ်ဖော်ပြောနိုင်မှာဖြစ်ပါတယ်"ဟု သူကပြောသည်။
အက်ဖ်အမ်အိုင်ကုမ္ပဏီသည် အနာဂတ်တွင် အိမ်ရာဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများကိုYoma Land အမည်ရှိ ကုမ္ပဏီဖြင့် သီးခြားဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းလည်း သိရသည်။
"တန်ဖိုးသင့်အိမ်ရာစီမံကိန်းရဲ့ ဖြစ်ပေါ်လာမယ့်အခြေအနေကို နောက်သုံးလလောက်ဆို ထုတ်ပြန်သွားနိုင် မှာပါ။ လတ်တလောမှာတော့ ဒီရင်းနှီးမြှုပ်နှံမှုအတွက်က အသေးစိတ်ပြင်ဆင်မှုတွေ လုပ်နေတာကြောင့် စတင်မယ့်ကာလကို ပြောဖို့စောနေပါသေးတယ်"ဟု အက်ဖ်အမ်အိုင်၏ အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အက်ဖ်အမ်အိုင်သည် အိမ်ရာစီမံကိန်းအများစုကို အကောင်အထည်ဖော်ရာတွင် တန်ဖိုးမြင့်အခန်းများ ကိုသာ အဓိကထား ဖော်ဆောင်ခဲ့သည်။ လက်ရှိတွင် အခြားသော အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီများ၏ ကွန်ဒိုခန်းများသည် ဝယ်လိုအားမရှိသဖြင့် ရောင်းအား ထိုးကျနေသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties