By Myanmar Builders Guide, Shweproperty.com
Updated at 7 September 2018
မြန်မာနိုင်ငံမှာ အိမ်ခြံမြေ အရောင်းအဝယ် ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ဥပဒေ မရှိသေးတဲ့အတွက် ဥပဒေ တခု ပြဌာန်း နိုင်ဖို့ စီစဉ်နေပါတယ်။ခုအခါ အိမ်ခြံမြေ ရောင်းဝယ် ငှားရမ်းမှုတွေနဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်နေတာကြောင့် ထိုက်သင့်သလို အပြစ်ပေး အရေးယူနိုင်ဖို့ အတွက် ရည်ရွယ်တာလို့ ဆိုပါတယ်။
အိမ်တွေ ခြံတွေ မြေကွက်တွေ ဝယ်၊ ရောင်း၊ ငှားတဲ့ လုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတိုင်း လိုလိုမှာ လုပ်ကိုင် လည်ပတ်နေတဲ့ လုပ်ငန်း ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်မှာပဲ ကြည့်ကြည့် မန္တလေးမှာပဲ ဖြစ်ဖြစ် လယ်ယာမြေကို တရားမဝင် ခွဲစိတ် ရောင်းချတာ ၊ နိုင်ငံတော် အစိုးရပိုင် မြေပေါ်မှာ တရားမဝင် နေထိုင်တာ ၊ လယ်သမားနဲ့ ပြည်သူကြား အမှားအယွင်းတွေ ဖြစ်အောင် အိမ်ခြံမြေ အကျိုးဆောင် အမည်ခံပြီး လုပ်နေတာ တွေ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းဥက္ကဌ ဦးတင်မောင်က ပြောပါတယ်။တကယ်တမ်း အကျိုးဆောင် စစ်စစ် လုပ်ကိုင်နေသူတွေက ပြည်သူကို နစ်နာအောင် လုပ်လေ့မရှိဘဲ ၊ ပြည်သူကို နစ်နာအောင် လုပ်တာဟာ ပြည်သူ့ အကျိုး စီးပွား ထိခိုက်စေသလို သူတို့ရဲ့ နာမည် နဲ့ ဂုဏ်သတင်း ကိုလည်း ထိခိုက်စေတာကြောင့် အကျိုးဆောင်စစ်စစ်တွေ က မသမာ တာတွေ မလုပ်ကြောင်း ဦးတင်မောင်က ရှင်းပြပါတယ်။
ဒီလုပ်ငန်းမှာ တကယ်လို့ ဥပဒေနဲ့ အညီ လိုင်စင်နဲ့ လုပ်ရမယ် ဆိုရင် မတရားမှု လုပ်လာတဲ့ လိုင်စင် မရှိတဲ့ ပွဲစားတွေကို အရေးယူနိုင်သလို ၊ လိုင်စင် ရှိတဲ့ ပွဲစားတွေ မတရားလုပ်လာရင်လည်း အပြစ်ပေး နိုင်တော့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။လက်ရှိမှာလဲ အိမ်ခြံမြေ ရောင်းတာ ဝယ်တာ ငှားရမ်းတာမှာ ဝန်ဆောင်မှု လုပ်တဲ့သူတချို့ဟာ ဝန်ဆောင်မှု ကုမ္ပဏီ ထောင်ပြီး လုပ်တဲ့သူတွေ ရှိသလို ဘာကုမ္ပဏီမှ မထောင်ပဲ ဖုန်းတလုံးနဲ့ အလုပ်လုပ်နေတဲ့ သူတွေလဲ ရှိတဲ့ အတွက် အရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါမှာ မဖြေရှင်းပဲ ရှောင်သွားတာတွေလည်း ရှိပါတယ်။
ဒါတွေ ရှောင်ရှားနိုင်ဖို့ အခု အခါ အိမ်တွေခြံမြေ ရောင်းဝယ်ငှား တာတွေနဲ့ သက်ဆိုင်တဲ့ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေကြမ်း တရပ်ကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ ထားပြီးဖြစ်ကြောင်း ဒီ ဥပဒေကြမ်း ကို ရေးဆွဲ ပေးပို့ ထားတဲ့သူ တွေက ပြောပါတယ်။ဒီဥပဒေကြမ်းမှာ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းကို ထိန်းကွပ်ဖို့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ကြီးကြပ်ရေး ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်မယ်လို့ ဆို ထားပါတယ်။လိမ်လည်မှု ဖြစ်တဲ့အခါမှာလည်း ဝန်ဆောင်မှု ပေးတဲ့လူရော၊ ရောင်းဝယ် ငှားလုပ်တဲ့သူကိုပါ အရေးယူမဲ့ အပြစ်ဒဏ်တွေကို ဖော်ပြထားပါတယ်။
တကယ်လို့ ဒီဥပဒေသာ ပြဌာန်း ပြီးမယ်ဆိုရင် ဝန်ဆောင်မှု ပေးတဲ့သူရော ရောင်းဝယ်ငှား လုပ်တဲ့သူအတွက်ပါ အကျိုး ရှိလာမှာဖြစ်တယ်လို့ နေပြည်တော်အခြေစိုက် အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းလုပ်ကိုင်နေတဲ့ Minami Kankoo အကျိုးဆောင်ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ကိုမင်းမင်းက ပြောပါတယ်။ဒီဥပဒေ ထွက်လာရင် မမှန်မကန် နည်းလမ်းနဲ့ လုပ်တဲ့ ပွဲစားတွေ လိမ်ညာမှု လုပ်ရဲမှာ မဟုတ်တော့ကြောင်း သူက ဆိုပါတယ်။
ဥပမာ သိန်း ၁ဝဝဝ တန် ခြံရောင်းရာမှာ ဝယ်သူဖက်ကို သိန်း၁၂ဝဝ တင်ရိုက်လိုက်ပြီး ပိုင်ရှင်ကို သိန်း ၁ဝဝဝ ပဲ ပေးကာ ကျန်တဲ့ သိန်း ၂ဝဝ ကို ပွဲစားက ယူထားတာမျိုး လုပ်တာတွေ ရှိနေတယ်လို့ သူက ရှင်းပြ ပါတယ်။
အခွန်စနစ်ကြောင့် အိမ်ခြံမြေ ဈေးကွက်အေး
အခုလို ဥပဒေရယ်လို့ တိတိပပ သတ်မှတ် ပြဌာန်း လိုက်နိုင်ပြီ ဆိုရင် အကျိုးဆောင်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ ပွဲခ သာ ယူလို့ ရမှာ ဖြစ်တယ်လို့ ကိုမင်းမင်းက ပြောပါတယ်။ဥပဒေကြမ်းထဲမှာတော့ ဝန်ဆောင်ခအဖြစ် သိန်း ၁ဝဝဝ တန်ဖိုး အောက်ကို ဝန်ဆောင်ခ ၃ ရာခိုင်နှုန်းသာ ယူဆောင်ရန်နဲ့ သိန်း ၁ဝဝဝ နဲ့ အထက်ကိုတော့ ၂ ရာခိုင်နှုန်းသာ ယူရန် သတ်မှတ်ထားပါတယ်။ဒီဥပဒေကြမ်းကို အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ အသင်းအဖွဲ့ ၃ ခုက တာဝန်ရှိသူတွေ ၊ ဥပဒေရေးရာနဲ့ အထူးကိစ္စများ ကော်မရှင်က တာဝန်ရှိသူတွေ ၊ ပညာရှင်တွေနဲ့ ဆွေးနွေးရေးဆွဲကာ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ လိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် ၊ အမျိုးသား လွှတ်တော်တို့မှာ ဆွေးနွေးရအုံးမှာဖြစ်ပါတယ်။အဲဒီလိုဆွေးနွေးတဲ့အခါမှာလည်း ဥပဒေကြမ်းမှာပါတဲ့အချက် တချို့ကို ပြင်ဆင်တာ ပယ်ဖျက်တာ ဖြည့်စွက်တာတွေ ရှိလာနိုင်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties