By The Kumudra, Shweproperty.com
Updated at 18 February 2015
ရောင်းသူနဲ့ ဝယ်သူကြားမှာ ဖြစ်ပေါ်လာမယ့် အခြေအနေကို စောင့်ဆိုင်းနေတာကြောင့် အိမ်ခြံမြေဈေးကွက်အေးနေတာက အခိုက်အတန့်ပဲ ဖြစ်နိုင်မယ်လို့ သိရပါတယ်။ စီးပွားရေးနှင့်ဥပဒေလမ်းညွှန်ဦးသန်းဦးက "စီးပွားရေးလုပ်ငန်းတိုင်းမှာ အေးစက်နေတတ်ပေမယ့်၊ သဘောတရားအရ ဖြစ်နေတာ၊ လက်ရှိမှာ ခိုင်မာတဲ့စီးပွားရေးက အိမ်ခြံမြေပဲ ဖြစ်နေတော့ ဈေးကျဖို့ဆိုတာ တော်တော်အချိန်ယူ လုပ်ရမယ်"လို့ ပြောပါတယ်။ စတော့ခ်ရှယ်ယာဈေးကွက်၊ အသေးစား၊ အလတ်စားလုပ်ငန်းတွေ ဖြစ်လာရင် အိမ်ခြံမြေဈေးကျဆင်းသွားမယ်လို့ သုံးသပ်မှုတွေရှိတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေက ထွက်လာမယ့် ငွေကြေးနဲ့ မြေဈေးကွက်ထဲမှာ ဝင်ကစားတာမျိုးလည်း ရှိလာနိုင်တယ်လို့ သိရတယ်။ မြေဝယ်ပြီးရင်းနှီးထားသူတွေ၊ ဈေးကစားသူတွေကတော့ ဟိုးအရင်ကတည်းက မြေဝယ်ရင် ရှုံးတာမျိုးမရှိသေးဘူး။ ကိုယ်ပိုင်ခြံ၊မြေ ဆိုတာမျိုး လိုအပ်နေသူတွေများတယ်။ ရန်ကုန်မှာသာ အပြောင်းအလဲ တချို့ကြေင့် ဈေးကွက်အေးနေပေမယ့် မန္တလေးတို့လို့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ပုံမှန်အရောင်းအဝယ်ရှိနေတယ်လို့ အကျိုးဆောင်တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။ ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က "ရင်းနှီးမြှုပ်နှံပြီး လုပ်လို့ရမယ့် စီးပွားရေးလုပ်ငန်းတွေ များများရှိဖို့ လိုတယ်၊ စတော့ခ်ဆိုတာလည်း အခုမှ အစပြုဦးမှာ၊ ဖွံ့ဖြိုးလာဖို့ အချိန်ယူရမယ်၊ အိမ်ခြံမြေဈေးကတော့ မကျနိုင်သေးပါဘူး၊ အခုဈေးကွက်အေးနေတာ ခဏပါပဲ၊ ဈေးကျဖို့ဆိုတာ အခွင့်အလမ်း(access)တွေ ကိုင်ထားတဲ့ သူတွေက လုပ်မှရနိုင်မယ်"လို့ပြောပါတယ်။ အိမ်ခြံမြေဈေးကွက်က ၂၀၁၃ ခုနှစ်မှာ အမြင့်ဆုံးဈေးတက်ခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းက စပြီး ဈေးကွက်အေးသွားတာ ဖြစ်ပါတယ်။ အခွန်အပြောင်းအလဲတွေ၊ သတ်မှတ်ချက်တွေအပြင် ရွေးကောက်ပွဲရှိနေတာကြောင့်လည်း ဈေးကွက်ငြိမ်နေပြီး အခြေအနေ စောင့်ကြည့်နေကြတာပါ။ အများစုကတော့ အပြောင်းအလဲအခြေအနေကို စောင့်ကြည့်နေကြတာဖြစ်တယ်။ ရင်းနှီးနားလည်းပြီးသား ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကို ရင်းနှီးမြှုပ်နှံမယ့်သူတွေကတော့ ရှိနေတယ် လို့ သိရပါတယ်။ အိမ်ခြံမြေဝယ်ရောင်း ကိုစိုးထွန်းက "တခြားစီးပွားရေးလဲ ကိုယ်ကကျွမ်းကျင်မှု မရှိဘူး၊ အိမ်ခြံမြေလောကမှာ ဝယ်ထားလို့ ရှုံးတာမရှိဘူး၊ ရှုံးတယ်ဆိုတာ ဈေးကွက်အပြောင်းအလဲကို မစောင့်နိုင်ပဲ ထုတ်ရောင်းတဲ့သူတွေပဲ၊ ပိုင်ဆိုင်မှု ခိုင်မာနေတော့ ဒီလုပ်ငန်းကို စိတ်ဝင်စားတယ်၊ အမြတ်နည်းတာနဲ့ များတာပဲ ကွာတာ၊ ဈေးကျလဲခဏပါပဲ"လို့ ပြောပါတယ်။ အိမ်ခြံမြေဈေးအေးတာ အခိုက်အတန့် ဆိုပေမယ့် အိမ်ခြံမြေဝယ်ပြီး ရင်းနှီးထားသူအများစုက အိမ်ခြံမြေဈေးကျနိုင်တယ်၊ ဈေးကွက်ပြောင်းလဲနိုင်တယ်ဆိုပြီး ပြန်ရောင်းရမလား၊ လက်ထဲပဲ ဆက်ကိုင်ထားရမလား ဝေခွဲရခက်နေတယ်လို့ သိရပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties