By Eleven Media Group, Shweproperty.com
Updated at 16 September 2016
အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိရေး ကိစ္စအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့က လုပ်ဆောင်မည်ဟု ကတိပေးထားသဖြင့် ယင်းကိစ္စအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေး ကော်မတီက အဓိကထား စောင့်ကြည့်နေကြောင်း အဆိုပါ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။
“ဒီအစိုးရလက်ထက် လွှတ်တော်မှာ ကတိပေးထားတဲ့ ကိစ္စတွေထဲက ဦးစားပေး စောင့်ကြည်တာကတော့ ပြည်သူလူထုပိုင် မြေနေရာကို ပြည်သူပြန်လည် ပိုင်ဆိုင်ခွင့်ရရေး အဆိုပါ။ အဲဒါကို အစိုးရဘက်က လုပ်ပေးနိုင်မှု ရှိမရှိ ဦးစားပေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ဝင်းက သြဂုတ် ၃၁ ရက်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူပိုင် နေရာများအား အစိုးရဌာနများက ကျူးကျော်ခြင်း၊ ဂရန်ထုတ် ရောင်းချခြင်းများ ရှိနေခြင်းကြောင့် အများပြည်သူပိုင် နေရာများကို အများပြည်သူ ပြန်လည် ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေး အဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး အဆိုအား ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“အရင်အစိုးရလက်ထက် ပြည်သူပိုင်နေရာတွေ၊ ပြည်သူလူထု အပန်းဖြေရမယ့် နေရာအကုန်လုံးကို သူတို့က လုပ်ကိုင်ခွင့်တွေ ယူထားတယ်။ ပြီးတော့ အဆောက်အအုံတွေ ဆောက်ကြတယ်။ ပြီးတော့ ပန်းခြံတွေကိုလည်း ကျူးကျော်ပြီး လုပ်ထားတယ်။ အခု တဖြည်းဖြည်းနဲ့တော့ ပန်းခြံမှာရှိတဲ့ အဆောက်အအုံတွေကတော့ ဖယ်သွားပြီ။ ရန်ကုန်တစ်တိုင်း လုံးဆိုတော့ အများကြီးရှိတာ။ အဲဒါတွေကို အစိုးရဘက်က လုပ်မလုပ် ကျွန်တော်တို့ ကွင်းဆင်းစောင့်ကြည့်မယ်။ ဒီကိစ္စက ကျယ်ပြန့်တယ်။ ဒါကြောင့် အချိန်တော့ ပေးရမှာပေါ့။ အများပြည်သူပိုင်တဲ့ နေရာတွေဆိုတာ အစိုးရပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ ခရိုနီပဲဖြစ်ဖြစ် လုပ်ပိုင်ခွင့် မရှိဘူးလေ။ ဒါကြောင့် ဒါတွေကို ဖော်ထုတ်ပြီး အများပြည်သူပိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု ဦးခင်မောင်ဝင်းက ဆက်လက် ပြောကြားသည်။
ပြည်သူ့နေရာများကို အစိုးရတာဝန်ရှိသူများက မိမိပိုင် မြေနေရာများကဲ့သို့ သဘောထားကာ ငှားရမ်းရောင်းချခြင်းများ ရှိနေပြီး အများပြည်သူပိုင်သည့် ပန်းခြံများကိုယခင်အစိုးရလက်ထက်က နှစ်ရှည်ငှားရမ်းခြင်းများ ပြုလုပ်ကာ ကန်တော်ကြီး မျှော်စင်ကျွန်း၊ မြကျွန်းသာ၊ အင်းလျားကန်ပေါင် စသည့် ပြည်သူပိုင် မြေနေရာများအား ပြည်သူများက ပိုင်ဆိုင်ခွင့်မရရှိခဲ့ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အချို့က ပြောကြား သည်။
“ဝန်ကြီးများရုံးဟာ အများပြည်သူ လေ့လာခွင့်ပေးတဲ့ နေရာဖြစ်ဖို့ လိုတယ်။ အင်းလျားကန်ပေါင်မှာလည်း ဆိုင်ခန်းတွေ ဆောက်ပြီး ကားဝင်ကြေးကောက် စီးပွားရှာနေတဲ့ နေရာဖြစ်နေတယ်။ မြကျွန်းသာမှာ ဆိုရင်လည်း အဆောက်အအုံတွေ ဆောက်ထားပြီး အတော်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ပြည်သူပိုင်မြေနေရာတွေ ဖျက်ဆီးခြင်း ခံနေရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
ယင်းကိစ္စအား အဆိုတင်သွင်းခဲ့သူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ် ကလည်း အဆိုအား အစိုးရဘက်က လုပ်ဆောင်ပေးခြင်း ရှိမရှိ စောင့်ကြည့်မည်ဖြစ်ပြီး လိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းပြန်လည် မေးမြန်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
Ref & Photo Credit : Eleven Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties